ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာကို ဇန်န်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေဖြူကန်ကျေးရွာထဲကို ညောင်လေးပင် အမှတ် ၂၀ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်တာဖြစ်ပြီး နာရေးအိမ်ကို ကျရောက်ပေါက်ကွဲ တယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “ရွာမှာနာရေးရှိတယ်လေ။ အဲဒီကိုပစ်လိုက်တာ။ ၃ ယောက်ကတော့ ရွာမှာ ပွဲချင်းပြီး ဆုံးတယ်။ ၁ ယောက်က ပဲခူးဆေးရုံရောက်မှ ဆုံးတာ။ ဆုံးတဲ့ထဲမှာ ကြိုးကြာကွင်းရွာက ကလေးတယောက်ပါတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရတဲ့ ဒေသခံတွေထဲမှာ ၆ ယောက်က ဒဏ်ရာပြင်းထန်တာကြောင့် ပဲခူးဆေးရုံကို ပို့လိုက်ရပြီး ကျန်တဲ့ ဒဏ်ရာမပြင်းထန်တဲ့သူတွေကတော့ ညောင်လေးပင်ဆေးရုံမှာပဲ ဆေးကုသမှုခံယူ နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ပဲခူးဆေးရုံမှာ တက်နေတဲ့ထဲက ၂ ယောက်ကတော့ လက်ချောင်းတွေ ဖြတ်လိုက်ရတယ်။ သူတို့ ပစ်လို့ ပဲခူးဆေးရုံကို တင်ရတဲ့ လူပေါင်းလည်း မနည်းတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ရေဖြူကန်ကျေးရွာထဲကို လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ညတိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ရွာခံအချို့က ညောင်လေးပင်နဲ့ ပဲခူးဘက်ကို ပြောင်းရွှေ့နေထိုင်နေကြပြီး ဇန်နဝါရီ ၄ ရက်နေ့ကလည်း ခမရ ၂၀ကနေ ဝိုင်သစ်ဆိပ်ကျေးရွာကို ၁၂၀ မမ ၅ လုံး ပစ်ခတ်ခဲ့ပါသေးတယ်။