ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်က ပူးပေါင်းကျင်းပတဲ့ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ ကစားခဲ့တဲ့ အသက်ကျော်ကစားသမား ၄ ဦးကို မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပယ်ကာ သူတို့ပါဝင်အနိုင်ရရှိခဲ့တဲ့ ပွဲတွေကိုလည်း ပယ်ဖျက်ကြောင်း ဇန်နဝါရီ ၅ ရက်နေ့မှာ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဖီဖာ နဲ့ မြန်မာဘောလုံးအဖွဲ့အချုပ်တို့က ပူပေါင်းကျင်းပခဲ့တဲ့ ၂၀၂၃-၂၄ မြန်မာယူ-၁၇ ပြိုင်ပွဲကို အသင်း ၁၂ သင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခု ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်ခဲ့တာပါ။
ဒါပေမဲ့ ဒီပြိုင်ပွဲမှာ သက်ကျော်ကစားသမား အများအပြား ပါဝင်ခဲ့တာကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ် အပြင်းအထန် ဝေဖန်ခံရပြီးနောက် အွန်လိုင်းမှာ နာမည်ထွက်နေတဲ့ သက်ကျော်ကစားသမား ၄ ဦးကို ထုတ်ပယ်ခဲ့တာလို့ ဝါရင့်မြန်မာဘောလုံးပရိသတ်တဦးက ပြောပါတယ်။
"မြန်မာ ယူ-၁၇ လိဒ်ပြိုင်ပွဲအသစ်ပေါ်လာတော့ မြန်မာဘောလုံးအတွက် ကောင်းလာမယ်ထင်ပြီး အစ်ကိုတို့က ကြိုဆိုခဲ့ပါတယ်။ တကယ်လည်း ပြိုင်ပွဲစရော ၈၀ ရာခိုင်နှုန်းလောက်ဟာ အကုန်သက်ကျော်ကစားသမားတွေကြီးပဲ။ အဲ့ထဲမှာ အဆိုးဆုံးက သာကေတနဲ့ ရွှေပြည်သာ ယူ-၂၅ မှာ ကန်တဲ့သူတွေတောင် ပါလာတော့ ဒီဘက်က ဘောလုံးပရိသတ်တွေက မြန်မာဘောလုံးအဖွဲ့ချုပ် ကစားသမား ၄/၅ ယောက်ကို ထောက်ပြပြီး အွန်လိုင်းမှာ ဝေဖန်ကြတာပေါ့။ အခုအသင်းက ထုတ်လိုက်တဲ့သူတွေကလည်း အွန်လိုင်းမှာ ဝေဖန်ခံနေရတဲ့ ၄ ယောက်ပါပဲ။"
မြန်မာဘောလုံးပရိသတ်တဦးက "ကစားသမား ၄ ယောက်ကို အသုံးချပြီး အသင်းကို ဘာလို့အရေးမယူတာလဲဆို ပြိုင်ပွဲပျက်ပြီး ဖီဖာဆီက ပိုက်ဆံမရမှာကြောက်လို့ထင်ပါတယ်။ အခုယူ ၁၇ မှာ သက်ကျော်ကစားသမားပါတာ အဲ့ပြိုင်ပွဲကြည့်တဲ့သူတိုင်း အကုန်သိတယ်။ ရန်ကုန်က လူငယ်လေးဆို ရွှေပြည်သာယူ-၁၇ မှာ အရွေးခံရပြီး အသင်းနဲ့ လေ့ကျင့်ခန်းဆင်းပေမဲ့ ပြိုင်ပွဲစဖို့ တရက်လိုမှာ သူ့ကိုမပါတော့ဘူးဆိုပြီး ဖြုတ်လိုက်တယ်။ တကယ်ပြိုင်ပွဲစတော့ သူ့မှတ်ပုံတင်ကို ပုံချိန်းပြီး သက်ကျော်ကစားသမားတယောက်က ကစားနေတယ်။ မြန်မာဘောလုံးလောကကြီးဟာ တကယ်ကို အကျင့်ပျက်ချစားနေပါပြီ" လို့ ပြောပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၃ ခုနှစ်အတွင်း ဖီဖာ၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့မှ ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၂၅ သိန်းကျော်အပါအဝင် ဒေါ်လာ ၅၅ သိန်း ဝင်ငွေရှိခဲ့ပေမယ့် အသုံးစရိတ်က ဒေါ်လာသိန်း ၆၂ နီးပါးရှိတာကြောင့် လိုငွေသိန်း ၇ သိန်းနီးပြခဲ့တယ်လို့ ဒီဇင်ဘာ ၃၀ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တနှစ်တာဝင်ငွေစာရင်းရှင်းတမ်းမှာ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားခဲ့ပါတယ်။