စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နားမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ အသေအဆုံးများပြီး ဝက်လက် ရဲစခန်းကို ရိက္ခာပို့တဲ့ စစ်ကောင်စီတပ်လည်း တိုက်ခိုက်ခံရလို့ စစ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။
ရွှေဘိုခရိုင်၊ ရေဦးကနေ ခင်ဦးမြို့ဘက်ကို အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ခင်ဦးမြို့ပြပြောက်ကျား ဖီးနစ်အဖွဲ့ ခေါင်းဆောင် ကိုတရုတ်ကြီးက “တိုက်ပွဲက မီတာ ၁၀၀ အကွာအဝေးလို့တောင် ပြောလို့ရတယ်။ သူတို့က ကံသာယာရွာက ပြည်သူနေအိမ် ၄ လုံးကို မီးရှို့ပြီး ခင်ဦးမြို့ဘက် ထွက်လာတာကို ကျနော်တို့က မြို့အဝင်ကနေ စောင့်ထိုင်ပြီး တိုက်ခဲ့တာဗျ။ အလစ်ရုတ်တရက် ဝင်တိုက်တယ်ဆိုတော့ စစ်ကောင်စီဘက်က အထိနာသွားတယ်။ အသေအဆုံးလည်း များတယ်ဗျ။ သူတို့ သေဆုံးဒဏ်ရာရတဲ့ ကောင်တွေကို ပြည်သူရဲ့ ထော်လာချီကားကို လုယူပြီး သယ်တယ်လို့ မျက်မြင်တွေ့သူတွေဆီက ပြန်သိထားရတယ်။ ညနေ ၄ နာရီကျတော့ သေဆုံးတဲ့ အလောင်းတွေ သင်္ဂြိုဟ်ဖို့ စီစဉ်နေတာလည်း သိထားရတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့ခံတွေကတော့ ခင်ဦး မီးသင်္ဂြိုဟ်စက်မှာ သေဆုံးတဲ့ စစ်သား ၄ ယောက်ကို မီးသင်္ဂြိုဟ်နေပြီး ဒဏ်ရာရတဲ့ ၅ ယောက်ကိုတော့ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ ပြောပါတယ်။
ဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၃ ရက်နေ့က စလို့ ရေဦးမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာမှာ ၃ ရက် တပ်စွဲခဲ့ပြီးနောက် ခင်ဦးမြို့ကို စစ်ကြောင်းထိုးလာရာမှာ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းက ခင်ဦးမြို့ကို မဝင်ခင် ကံသာယာကျေးရွာက နေအိမ်တလုံးနဲ့ တဲတလုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
အခုတိုက်ပွဲကို ခင်ဦးမြို့ပြ ပြောက်ကျားဖီးနစ်အဖွဲ့၊ ခင်ဦးမြို့နယ် ပကဖတပ်ရင်းက တပ်ခွဲ ၂ ခွဲနဲ့ ဒေသခံ LPDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇန်နဝါရီ ၅ ရက်ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့ ရွာသာယာရွာကနေ စစ်ကိုင်းတိုင်း ဝက်လက်မြို့၊ ရှိမ်းမကားရွာ ရဲစခန်းကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မနက် ၁၀ နာရီမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း နောက်တွန်းသင်္ဘောနဲ့ ရှိမ်းမကားရွာ ရဲစခန်းကို ရိက္ခာပို့တဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။
ရှိမ်းမကားရွာရဲစခန်းထဲကို ရိက္ခာသယ်တဲ့အချိန်မှာလည်း စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက် ထပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တာကို ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုထားပြီး ဒဏ်ရာရရှိတဲ့ လူဦးရေလည်း များတယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က “ရိက္ခာလာပို့တဲ့ ကောင်တွေကို ပစ်တာပေါ့။ ပထမတော့ RPG နဲ့ပစ်တာ၊ သူတို့က စက်လတ်နဲ့ ရမ်းပြီးပြန်ပစ်တယ်၊ ရိက္ခာသယ်တဲ့ အချိန်ကျတော့ ဒရုန်းနဲ့ရော လက်လုပ်တွေနဲ့ ဝိုင်းပစ်တာ။ သူတို့ဘက်က သေတာရော ဒဏ်ရာရသူရော များတယ်။ ရိက္ခာတော့ အောင်အောင်မြင်မြင် ပို့လိုက်နိုင်တယ်” လို့ ပြောပါတယ်။
ရိက္ခာသယ်လာတဲ့ သင်္ဘောဟာလည်း ပြည်သူပိုင်သင်္ဘောကို စစ်ကောင်စီတပ်သားတွေက လုယူအသုံးပြုခဲ့တာ ၃ လနီးပါးရှိပြီဖြစ်တဲ့အတွက် တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးဘက်က ပြန်ယူခဲ့ပြီး ပိုင်ရှင်ကို ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို ရှိမ်းမကားတိုက်နယ် PDF၊ ပြင်ဦးလွင်ခရိုင်၊ ရွှေဘိုခရိုင်တပ်ရင်းတွေနဲ့ နယ်မြေခံပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။