အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ဖို့ တက္ကဆက်ပြည်နယ်ရဲ့ ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူး ဂရဲ့ဂ် အက်ဘာ့ထ်ရဲ့ စည်းရုံးမှုထဲမှာ ပါဝင်ပတ်သက်ပြီးတော့ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နယူးယောက် မြို့ကို ပို့ဆောင်ခဲ့တဲ့ ဘတ်စ်ကားကုမ္ပဏီ ၁၇ ခုကို ဇန်နဝါရီ ၄ ရက်မှာ ပြည်နယ်အစိုးရက တရားစွဲ ဆို ထားတာဖြစ်ကြောင်း နယူးယော့ခ် မြို့တော်ဝန် အဲရစ်ခ် အဒမ်စ် က ပြောပါတယ်။
တက္ကဆက်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ စင်းလုံးငှား ဘတ်စ်ကားအော်ပရေတာတွေဟာ ရွှေ့ပြောင်း နေထိုင်သူ ၃၃,၀၀၀ ကျော်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီးတော့ ချို့တဲ့နွမ်းပါးသူကို ပို့ဆောင်ပေးသူတိုင်း ဟာ သူတို့ရဲ့ကုန်ကျစရိတ်တွေ ကာမိစေဖို့ တခြားပြည်နယ်မှ အစိုးရအကူအညီကို ရယူဖို့ လိုအပ်တယ်ဆိုတဲ့ ၁၉ ရာစု နယူးယော့ခ် ပြည်နယ်ဥပဒေကို ချိုးဖောက်တယ် ဆိုပြီး တရားစွဲဆို ထားတာ ဖြစ်ပါတယ်။
မြို့တော်ဟာ မန်ဟက်တန် ရှိ နယူးယောက်ပြည်နယ် တရားရုံးမှာ တရားစွဲဆိုမှုအတွင်း ဒေါ်လာ ၇၀၈ သန်း တောင်းခံထားပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေအတွက် နေစရာနဲ့ ဝန်ဆောင်မှုတွေ ပေးဆောင်ရလို့ ကုန်ကျခဲ့တဲ့ စရိတ်တွေ လို့ ဆိုပါတယ်။
“နယူးယောက်စီးတီးမှာ ဒီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမဲ့ တက္ကဆက်ပြည်နယ် တခုတည်းကနေ မဆင်မခြင် နိုင်ငံရေးလုပ်ကွက်တွေရဲ့ ကုန်ကျစရိတ်တွေကိုတော့ မခံနိုင်ပါဘူး” လို့ မြို့တော်ဝန် အဒမ်စ် က ပြောပါတယ်။
Source/Photo-Reuters