မန်စီးတီးအသင်းအတွက် အားထားရတဲ့ ကွင်းလယ်ကစားသမား တဦးဖြစ်တဲ့ ဒီဘရိုင်း တယောက် အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပါပြီ။
ဒါပေမယ့်လည်း အသင်းအတွက် အရေးပါတဲ့ ကစားသမား တဦးဆိုပေမဲ့ ဒဏ်ရာ ထပ်မံမရ စေဖို့ ချိန်ချိန်ဆဆ အသုံးပြုသွားရမယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
“ဒီဘရိုင်းအတွက် နောက်တကြိမ်ဒါမျိုး ထပ်မဖြစ်ဖို့ ဂရုစိုက်ပေးရပါမယ်။ ကျနော်တို့ သူ့ကို အချိန်ပေးရလိမ့်မယ်။ ချိန်ချိန်ဆဆနဲ့ အသုံးပြုသွားရမှာပါ။ တကယ်လို့ သူဒဏ်ရာ ထပ်ဖြစ်ခဲ့မယ် ဆို ပြန်လာဖို့ အခြေအနေက အရမ်းဆိုးရွားသွားပါလိမ့်မယ်”လို့ ဒီဘရိုင်းနဲ့ ပတ်သက်လို့ ဂွါဒီယိုလာက သတိပေး ပြောဆိုပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဘယ်ဂျီယံ ကွင်းလယ်လူဟာ တံကောက်ကြေ ဒဏ်ရာကြောင့် မြက်ခင်း စိမ်းတွေနဲ့ ကင်းကွာနေခဲ့တာ ၅ လခန့် ရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာ ဒဏ်ရာသက်သာလာခဲ့ပြီဖြစ်လို့ လာမယ့် ဟက်ဒါဖီးလ်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ရာခိုင်နှုန်းများနေတာပါ။
နောက်ထပ် မန်ချက်စတာစီးတီးအသင်းအတွက် အားတက်ဖွယ်အချက်က လူငယ်ကစားသမား ဒိုကူ ဒဏ်ရာအခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်တဲ့အပြင် တိုက်စစ်မှူး ဟာလန်းကလည်း အသင်းနဲ့ ထရိန်နင် ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Photo-Reuters