မြန်မာစစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်ကျလို့ လူ ၅ ယောက် ဒဏ်ရာရပြီးနောက် တရုတ် ဒုဝန်ကြီးအဖွဲ့နဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်နဝါရီ ၅ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းကန်ခရိုင်မှာ ပေါက်ကွဲပြီး လူ ၅ ယောက်သေဆုံးခဲ့တယ်လို့ တရုတ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပြီး အခုလိုတွေ့ဆုံခဲ့တာဖြစ်တယ်လို့ စစ်တပ် အကြီးတန်းအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။
“တရုတ် နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်နဲ့အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့တယ်။ အဓိက ပြဿနာက ယူနန်ဘက်ကို လက်နက်ကြီးကျည်ကျသွားတဲ့ကိစ္စ။ ၂ ကြိမ်ရှိပြီ။ လူသေတာတာတွေရှိလာတာ့ တရုတ်က မကျေမနပ်ဖြစ်နေတယ်။ တောင်းပန်ရတယ်။ ဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း မြောက်ပိုင်း ၃ ဖွဲ့နဲ့ ထပ်ညှိနှိုင်းဖို့ အကူအညီတောင်းတယ်” လို့ သူက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ တရုတ်နိုင်ငံခြားရေး ဒု ဝန်ကြီးကို တွေ့ဆုံပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဟာ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟုန်နဲ့အဖွဲ့ကို အွန်လိုင်းကနေ ထပ်မံ တွေ့ဆုံရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး အတွက် မြန်မာ -တရုတ် နှစ်ဖက်ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေမှာ မြန်မာဘက်က ကြိုတင်ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီရဲ့ ဝန်ကြီး ဦးအောင်နိုင်ဦးက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသမှာ ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တရုတ်ဘက်က ကူညီညှိနှိုင်းပေးဖို့ စစ်ကောင်စီဘက်က တောင်းဆိုတာတွေလည်းရှိပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၇၊ ၈၊ ၉ ရက်နေ့မှာ မြောက်ပိုင်း ၃ ဖွဲ့နဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)တို့ တွေ့ဆုံဖို့ အခြေအနေရှိတယ်လို့ စစ်တပ်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်ကျရောက်ပေါက်ကွဲလို့ တရုတ်နိုင်ငံသား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။