Home
ဆောင်းပါး
အမိုက်လမ်းဆုံးရောက် စစ်ပြန်‌ပေးဆွဲဂိုဏ်းချုပ် - ကလေးစစ်သားဗိုလ် မင်းအောင်လှိုင်
DVB
·
January 6, 2024
MinKaungChit_612024

မြန်မာနိုင်ငံမှာ ဇာတ်သိမ်းခန်းကို ဝင်ရောက်နေပြီး မကြာခင်ကာလမှာ အပြီးတိုင် ချုပ်ငြိမ်း ပျောက်ကွယ်ဖို့ နီးသထက်နီးလာနေတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ပင်မထောက်တိုင် တပ်မတော်အမည်ခံ မြန်မာစစ်တပ်ဟာ ပြည်သူနဲ့စစ်ဖြစ်ရင်း တနိုင်ငံလုံးက စစ်ပွဲတွေမှာ အရေးနိမ့်လို့ တနေ့တခြား ပြုန်းတီးအင်အားများပြားလာတာမို့ လူအင်အားလိုအပ်ချက် မြင့်မားလာနေတာကြောင့် တပ်သားသစ် စုဆောင်းရာမှာ အရွယ်မရောက်သေးသူတွေကိုပါ စုဆောင်းနေပြီး သူတို့ကို ရှေ့တန်းစစ်မြေပြင်အထိ စေလွှတ်အသုံးချနေတယ်လို့ CDM အရာရှိတွေနဲ့ လေ့လာသူတို့က ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။

စတန်းဒတ်အာမီလို့ ဘယ်လိုပင် ကြွေးကြော်ခဲ့ပေမဲ့ စစ်ဓားပြဂိုဏ်းရဲ့ အဆင့်အတန်းက တရားဥပဒေမဲ့အစုံလုပ်၊ စစ်ရာဇဝတ်မှုမျိုးစုံ၊ လူသတ်မီးရှို့၊ ဓားပြတိုက် လုယက် ခိုးဆိုး၊ ပြန်ပေးဆွဲ၊ အနုကြမ်းစီး၊ မုဒိမ်းကျင့် စတဲ့ အကုသိုလ်တရားအားလုံးကို လိုင်စင်ရ ကျူးလွန်နေကြတာမို့ ပြည်သူလူထုအများစုရဲ့ ရွံရှာမုန်းတီးမှုခံရရင်း တစခန်းရပ်အာမီ အဖြစ်နဲ့ ဇာတ်သိမ်းလုနီးနေပြီ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၂/၂၀၂၃) မှာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ၂၀၁၂ ခုနှစ်ကနေ ဒီကနေ့အချိန်ထိ စစ်တပ်ကနေ အသက်မပြည့်သေးတဲ့ စစ်သား ၁,၀၅၇ ယောက်ကို နုတ်ထွက်ခွင့်ပြုထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တကယ်တော့ ၈၈ အာဏာလု နဝတ/နအဖ ခေတ်မှာလည်း ၂၀၀၆ ခုနှစ်မှာကတည်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဥ်အစီရင်ခံစာထဲမှာ မြန်မာတပ်မတော် (ကြည်း) တပ်မှာ ကလေးစစ်သား အသုံးပြုမှု အများအပြားရှိတာမို့ ပထမဦးစားပေး စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက စစ်ဓားပြဗိုလ်ချုပ်ကြီးတွေဟာ မြန်မာစစ်တပ်မှာ ကလေးစစ်သား မရှိဘူးလို့ မျက်စိမှိတ်‌‌ ဇွတ်ငြင်းဆိုခဲ့ကြပါတယ်။

စစ်ဘောင်းဘီချွတ်ပြီး ချိတ်ပုဆိုးပြောင်းဝတ်ခဲ့တဲ့ ပြိုင်ဘက်ပါတီကို ဖမ်းဆီး သတ်ဖြတ် ထောင်ချပြီး အတိုက်အခံ ပြည်သူ့ပါတီ မပါဝင်တဲ့ ရွေးကောက်ပွဲမှာ အရှက်သိက္ခာမဲ့စွာနဲ့ မဲနိုင်တယ်‌ပြောပြီး အရပ်သားအစိုးရ အမည်ခံခဲ့တဲ့ သိန်းစိန်တို့ အစိုးရလက်ထက်မှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအတွက် ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ကြားမှာ သဘောတူညီချက်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ပြန်ခဲ့တဲ့ ကလေးသူငယ်တွေကို စစ်မှုထမ်းစေခြင်းဆိုင်ရာ အစီရင်ခံစာထဲမှာ‌တော့ ဆိုးဆိုးဝါးဝါး ဆက်လုပ်ဆောင်နေတဲ့ နိုင်ငံတနိုင်ငံအဖြစ် ၂၀၁၃ ခုနှစ်မှာလည်း ဆက်လက် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်‌နေ့မှာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေးမှာတော့ အာဏာလု အကြမ်းဖက် စစ်ဓားပြဂိုဏ်းရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက စစ်တပ်ထဲမှာ ကလေးစစ်သားပေါင်း ၁,၀၀၀ ကျော် စစ်မှုထမ်းခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ နိုင်ငံတကာဥပဒေအရ ကလေးစစ်သား (Child Soldier) တဦးအဖြစ် သတ်မှတ်ထားတဲ့ အင်္ဂါရပ် ၃ ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တပ်သားသစ်စုဆောင်းခြင်း (သို့မဟုတ်) စစ်တပ်အတွင်း ပါဝင်ဆောင်ရွက်ခြင်း

၂။ အသက် ၁၈ နှစ်အောက်အရွယ် ကလေးများဖြစ်နေခြင်း

၃။ လက်နက်ကိုင်တပ်ဖွဲ့များအတွင်း၊ လက်နက်ကိုင် အုပ်စုတခုအတွင်း (သို့မဟုတ်) စစ်ပွဲများအတွင်းသို့ ပါဝင်စေခြင်းတို့ ဖြစ်ကြပါတယ်။

တကယ်တော့ ဆင်းရဲနိမ့်ကျပြီး မှားယွင်းတဲ့ စစ်အုပ်ချုပ်မှု‌အောက်မှာ အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံမှာ ကလေးစစ်သားတင် မကပါဘူး၊ အရွယ်မရောက်သေးတဲ့ ကလေးလုပ်သားတွေကို အန္တရာယ်များပြားတဲ့ လုပ်ငန်းခွင်တွေမှာသာမက စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်ကစလို့ ပုဂ္ဂလိက အိမ်အကူလုပ်သား စတဲ့ ကဏ္ဍလုပ်ငန်းခွင်အသီးသီးမှာ တွေ့မြင်ခဲ့ကြရတာ ရာစုနှစ်တဝက် မကတော့ပါဘူး။

စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ညီမျှတဲ့အခွင့်အရေး မရခဲ့ကြရတာမို့ ဆင်းရဲမွဲတေခဲ့ရတဲ့ အိမ်ထောင်စုတွေမှာ လူဖြစ်ခဲ့ကြရတဲ့ ကလေးသူငယ်တွေဟာ ပညာသင်ကြားခွင့် မရခဲ့ကြရရုံသာမက အာဟာရချို့တဲ့စွာ၊ လူစဉ်မမီစွာ ကြီးပျင်းခဲ့ကြရပြန်ပါတယ်။ ကလေးဘဝ အရွယ်အချင်းချင်းနဲ့ ဆော့ကစားရမယ့်အရွယ် ကစားခွင့်တောင် မရရှာဘဲ သူတပါးဆိုင်တွေ၊ သူတပါးအိမ်တွေမှာ အငေါက်အငမ်းခံရင်း သူတပါးမလုပ်ချင်တဲ့ အလုပ်တွေလုပ်၊ သူတပါးပေးမှဝတ်ရ၊ သူတပါးကျွေးမှ စားရတဲ့ဘဝတွေနဲ့ သိမ်ငယ် ကြောက်ရွံ့စွာ ကြီးပြင်းခဲ့ကြရတာ ဖြစ်ပါတယ်။

ပန်းပွင့်လေးတွေနဲ့တူတဲ့ အလွန်နူးညံ့သိမ်မွေ့တဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ သူ့အရွယ်နဲ့သူ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ သိမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု စတဲ့ ဖွံ့ဖြိုးမှု ၅ ရပ် ရှိလာစေဖို့ အထူးဂရုစိုက် ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံက ကလေးသူငယ်အများစုဟာ မွေးရာပါ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတာဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် အသက်အန္တရာယ်မကင်းတဲ့ စစ်သားအလုပ်ကို ချောင်ပိတ် အကျပ်ကိုင်ပြီး သားသမီးချင်း မစာနာဘဲ ကလေးစစ်သားအဖြစ် စုဆောင်းတာဟာ အလွန်အပြစ်ကြီးလှပါတယ်။

အထူးသဖြင့် ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့ကြပြီးတဲ့နောက် ပြည်သူလူထုက လက်မခံဘဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတာမို့ အဘက်ဘက်မှာ အရေးနိမ့်လာရတဲ့ စစ်ဓားပြဂိုဏ်းအနေနဲ့ တပ်သားသစ်စုဆောင်းရာမှာ အင်မတန်မှ ခက်ခဲလာတဲ့အပြင် တရားဥပဒေစိုးမိုးမှုကပါ လုံးဝမရှိတော့တာမို့ တွေ့ရာလူကို တပ်သားသစ်အဖြစ် စုဆောင်းနေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်လုပ်ရပ်တွေကို ပြည်ပက နိုင်ငံတကာအဖွဲ့အစည်း‌တွေရော၊ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော ဘယ်သူကမှဝင်ပြီး စောင့်ကြည့်စစ်ဆေးလို့မရတဲ့ အခြေအနေ ဖြစ်နေတာမို့ စစ်ဓားပြတွေဟာ အတင်းအဓမ္မ စုဆောင်းဖို့အတွက် လက်ရဲဇက်ရဲ လုပ်ကိုင်နေကြချိန် ဖြစ်ပါတယ်။ ညအချိန်မှာ လိုက်ဖမ်း၊ ဧည့်စာရင်းလိုက်စစ်ရင်း မိရင် ခြိမ်းခြောက်ပြီး စစ်ထဲဝင်ခိုင်း၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ၊ မိဘမဲ့ ခိုကိုးရာမဲ့ ကလေးငယ်တွေ၊ လမ်းဘေးမှာနေရင်း ဘဝမလုံခြုံတဲ့ ကလေးငယ်တွေကို ဖြားယောင်းလိမ်ညာပြီး ကလေးစစ်သားအဖြစ် စုဆောင်းလျက်ရှိပါတယ်။

ဒါကြောင့် ပြည်သူ့အာဏာကို လုယူခဲ့တာ ၃ နှစ်ကြာပြီးတဲ့နောက် စစ်ဓားပြတွေဟာ ခွေးနဲ့ပါးချပ် မအပ်စပ်သလို သူတို့ကြွားဝါ‌ပြောဆိုခဲ့ကြတဲ့ စတန်းဒတ်အာမီ ဖြစ်ဖို့နေနေသာ အကျအရှုံးများစွာနဲ့ စစ်ရှုံးလာရင်း တနေ့တခြား စစ်အင်အားပြုန်းတီးလာပြီး ပြန်လည်မဖြည့်တင်းနိုင်တာမို့ တစခန်းရပ်အာမီသာ မကြာမီ ဖြစ်ရတော့မှာဖြစ်ပါတယ်။

ထောင်ကျ စစ်ပြေး ရဲပြေးတွေကိုလည်း အပြစ်ဒဏ်လျှော့ပေါ့ ဇွတ်ပြန်ခေါ်၊ မှောင်ရိပ်ခိုတဲ့ သူခိုး ဂျပိုး လူမိုက်တွေလည်း တပ်ထဲခေါ်၊ ဧည့်စာရင်းစစ် ပြန်ပေးဆွဲ ငွေညှစ်၊ မပေးနိုင်ရင် စစ်ထဲသွင်း၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လှည့်စား ခြိမ်းခြောက်ပြီး စစ်ထဲသွင်းနေကြတာမို့ စစ်ပြန်‌ပေးဆွဲဂိုဏ်းချုပ် - ကလေးစစ်သားဗိုလ် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ထောင်ထွက်၊ ဝရမ်းပြေး၊ လူဆိုးလူမိုက်၊ သူခိုးဂျပိုးတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားများနဲ့သာ ဖရိုဖရဲ ဖွဲ့စည်းထားတဲ့ သိက္ခာမဲ့ စစ်ဓားပြဂိုဏ်းဟာ တိုက်တိုင်းရှုံးရင်း အမိုက်လမ်းအဆုံး‌မှာ ပြေးစရာမြေ မရှိတော့ပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024