မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်၊ ကိုတာဘာရူမြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂၂ ယောက် အပါအဝင် နိုင်ငံခြားသား ၂၃၈ ယောက် ကို ဇန်နဝါရီ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုတာဘာရူမြို့မှာရှိတဲ့ တရားမဝင် နိုင်ငံခြားသားတွေ ရှိတဲ့နေရာတွေကို မလေးရှားရဲတပ်ဖွဲ့၊ ကိုတာဘရူ မြူနီစပယ်ကောင်စီနဲ့ ကိုတာဘာရူ လူဝင်ကြီးကြပ်ရေး အဖွဲ့တွေက ပူပေါင်းပြီး မနေ့မနက် ၁၀ နာရီက စစ်ဆင်ရေးတခုပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၃၈၈ ယောက်ကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးခဲ့တဲ့ ၂၃၈၈ ထဲမှာ အထောက်အထား စာရွက်စာတမ်းရှိတဲ့ ၂၁၅၀ ကို ပြန်လွှတ်ခဲ့ပြီး အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၁၅ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၄ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၆ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၁၅ ယောက်၊ နီပေါနိုင်ငံသား ၁၃ ယောက်၊ ထိုင်းနိုင်ငံသား ၆ ယောက်၊ အိန္ဒိယနိုင်ငံသား ၃ ယောက်နဲ့ ပါကစ္စတန်နိုင်ငံသား ၃ ယောက်တို့ကို ဖမ်းဆီး ခဲ့ပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က “မနေ့က မြို့ ၃ မြို့လောက်ကို အော်ပရာစီ ဝင်စစ်သွားတာ။ ပုံစံတွေကတော့ မတူပါဘူး။ ကျန်တဲ့မြို့တွေက ကလပ်တို့ အနှိပ်ခန်းတွေကို ဝင်စီးတာ။ ကိုတာဘာရူမှာတော့ မြို့ထဲမှာရှိတဲ့ နိုင်ငံခြားသားတချို့ကို တနေရာထဲမှာစုပြီး အထောက်အထား ရှိတဲ့သူကို ပြန်လွှတ်၊ မရှိတဲ့သူတွေကို ဖမ်းလိုက်တာပါ။ မြန်မာတွေအနေနဲ့ ဒီရက်ပိုင်း အပြင်မထွက်စေချင်ပါဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံ ၁၂၂ ယောက်အပါအဝင် နိုင်ငံခြားသား ၂၃၈ ယောက်တို့ကို အထောက်အထားမရှိဘဲ တရားမဝင် နေထိုင်မှုအတွက် ၁၉၅၃/၆၃ လူဝင်ကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ မလေးလူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်နဲ့ မာလာကာပြည်နယ်တို့မှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့ကလည်းစ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။