မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွေမှာ အကြိမ်ကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ တောင်အာဖရိကနိုင်ငံသား အော်စကာပစ္စတိုးရီးယပ်စ်ဟာ ချစ်သူမိန်းကလေးကို သတ်ဖြတ်မှုနဲ့ ထောင်ထဲမှာ ၁၁ နှစ်နီးပါး နေခဲ့ရပြီးနောက် ဇန်နဝါရီ ၅ ရက်နေ့မှာ ပြစ်ဒဏ်မစေ့မီ ကတိခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ကာဘွန်ဖိုက်ဘာ ခြေတုတစုံနဲ့ အပြေးပြိုင်ရာမှာ ထူးချွန်တာကြောင့် Blade Runner လို့ နာမည်ပေးခံရတဲ့ ပစ္စတိုးရီးယပ်စ်ဟာ ၂၀၁၃ ခုနှစ် ချစ်သူများနေ့မှာ လော့ခ်ချထားတဲ့ ရေချိုးခန်းတံခါးကနေ ရေချိုးခန်းထဲမှာရှိနေတဲ့ အသက် ၂၉ နှစ်အရွယ် မော်ဒယ် ရီဗာစတီးန်ကမ့်ပ်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ပရီတိုးရီးယားမြို့မှာရှိတဲ့ သူ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းမှာ သူက ရေချိုးခန်းထဲမှာ ရှိနေတဲ့သူဟာ ဖောက်ထွင်းဝင်ရောက်လာတဲ့သူထင်လို့ မှားပြီး ပစ်ခတ်မိတာပါလို့ အကြိမ်ကြိမ် ထွက်ဆိုခဲ့ပါတယ်။ အဲဒီထွက်ဆိုချက်အပေါ် အခြေခံပြီး အယူခံအဆင့်ဆင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပစ္စတိုးရီးယပ်စ်ရဲ့ ထောင်ဒဏ်က ၂၀၂၉ ခုနှစ် ဒီဇင်ဘာလမှာမှ နှစ်စေ့မှာဖြစ်ပေမဲ့ တောင်အာဖရိကဥပဒေအရ ပြစ်ဒဏ်ကာလ ထက်ဝက်ကျော် ကျခံအပြီးမှာ ကတိခံဝန်နဲ့ ထွက်ခွင့်ရတာပါ။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပစ္စတိုးရီးယပ်စ်ဟာ ၂၀၂၉ အထိ ခြေချုပ်သဘော စောင့်ကြည့်ခံရမှာဖြစ်သလို ဒေါသထိန်းချုပ်ရေးကုထုံးတွေ ဆက်လက်ခံယူရမှာ ဖြစ်ပါတယ်။
ကျား မ ကွဲပြားမှု အခြေပြု အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်တွေလည်း တက်ရောက်ရမှာပါ။
ပစ္စတိုးရီးယပ်စ်ဟာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွေမှာတင် ဗိုလ်စွဲရုံမက ၂၀၁၂ လန်ဒန်အိုလံပစ် မီတာ ၄၀၀ မှာ ခြေလက်စုံသူတွေနဲ့အပြိုင် ပထမဆုံး ခြေနှစ်ဖက်မရှိဘဲ ခြေတုတပ်ဝင်ပြိုင်သူ ဖြစ်ခဲ့သလို ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ခဲ့သူဖြစ်ပါတယ်။
လူသတ်မှုမကျူးလွန်ခဲ့ခင်အထိ မသန်စွမ်းအားကစားသမားတို့ရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် တကမ္ဘာလုံးရဲ့ လေးစားခံရသူ ဖြစ်ခဲ့တာပါ။
Source/Photo-Reuters