လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ယောက်နဲ့ အရာရှိတွေအပါအဝင် ရဲဘော်နဲ့တခြားအဆင့် ၂၀၀၀ ကျော်ဟာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဆီလက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လက်နက်ချကြသူတွေထဲမှာ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ယောက်နဲ့အရာရှိ ၂၂၈ ယောက်၊ ရဲဘော်နဲ့ တခြားအဆင့် ၁၈၉၅ ယောက်ပါဝင်ပြီး၊ သူတို့ရဲ့မိသားစုဝင် စုစုပေါင်း ၁၆၀၁ ယောက် လည်း ပါဝင်ကြောင်း ပြောပါတယ်။
ဒကစ (လောက်ကိုင်)ကို စစ်ကူပေးဖို့ ရောက်ရှိလာကြတဲ့ တပ်မ၊ တပ်ရင်းတွေလည်း လက်နက်ချသူတွေထဲ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ ပွိုင့် ၂၀၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၆ ဦးလည်း လက်နက်ချလာလို့ စုစုပေါင်း လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၈၉ ယောက်ရှိပြီလို့ ညီနောင် မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။
ဒကစ(လောက်ကိုင်) တစ်ခုလုံးအပါအဝင် ပတ်ဝန်းကျင်က တပ်ရင်းစခန်းအားလုံး လက်နက်ချခဲ့ကြတာကြောင့် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးဟာ “စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေ’ ဖြစ်ခဲ့ပြီဖြစ်ပြီး ဒါဟာ အာဏာရှင်စနစ် နိဂုံးချုပ်မယ့် အကြိုနေ့ရက်တွေပဲဖြစ်ကြောင်း ပြောပါတယ်။
“ဒါဟာတိုက်ပွဲ မရှိတော့ဘူးဆိုတဲ့ သဘောလားမသိဘူး"လို့ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
လောက်ကိုင်မြို့က လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ စစ်သည်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။