လူမှုကွန်ရက်နဲ့ တစ်တော့မှာ နာမည်ကြီး ဆယ်လီတဦးဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့က အငြိမ့်မင်းသမီး ဘိုမကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကွက်သစ်ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ့်မင်းသမီး ဘိုမကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးပြီး ဇန်နဝါရီ ၄ ရက်က ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူ့ရဲ့ တစ်တော့အကောင့်ကနေ တင်ထားတဲ့ ဗွီဒီယိုကို ဘောမတွေက စစ်တပ်ကို စော်ကားတယ်ဆိုပြီး ဖမ်းခိုင်းတာ၊ ၁ ရက်နေ့ကတည်းက ဖမ်းဖို့ပြောနေတာ၊ ၃ ရက်နေ့မှာ ဖမ်းပြီး ၄ ရက်နေ့မှာ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်တာ။”
ကျောက်ပန်းတောင်းမြို့နေ အငြိမ့်မင်းသမီး ဘိုမကို မြို့နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃ ရက်မှာ စစ်ဆေးနေရာ စစ်တပ်သတင်းပေးတွေက အမှုဖွင့်ဖို့ ဖိအားပေးလာတာကြောင့် ၄ ရက်နေ့မှာပဲ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်ရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အချင်းချင်း မနာလိုလို့ တိုက်ခိုက်တာကနေ စစ်တပ်သတင်းပေးတွေပါလာတဲ့ အဆင့်အထိပါ ဖြစ်ကုန်တယ်။ တစ်တော့မှာ တင်ထားတာ ကြာပြီဖြစ်တဲ့ တိုက်ပွဲခေါ်သံသီချင်းနဲ့ အမှုဖွင့်လိုက်တယ်။ စစ်တပ်ကပါ ဖိအာပေးလို့ ဒုရဲမှူးက အမှုဖွင့်ပေးလိုက်တာ။”
လတ်တလောမှာ အငြိမ့်မင်းသမီး ဘိုမ (ခ) မမို့မို့အောင်ကို ကျောက်ပန်းတောင်း မြို့မရဲစခန်းက (ပ) အမှတ် ၃/၂၀၂၄၊ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။