Home
မြန်မာသတင်း
ကျိုက်ထိုတွင် ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၂ ဦး သေဆုံး
DVB
·
January 5, 2024
KyaikHto Moppalin_05012024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ စျေးပိုင်းမှာ ဇန်နဝါရီ ၄ ရက်က ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

မနေ့ ဇန်နဝါရီ ၄ ရက် နေ့လယ် ၁၂ နာရီလောက်က ဦးညီညီလွင် ဆိုသူဟာ ကွမ်းယာဝယ်နေစဉ် ဆိုင်ကယ်တစီးနဲ့ အမျိုးသားနှစ်ဦး ရောက်ရှိလာကာ သေနတ်နဲ့ သုံးချက်ထက်မနည်း ပစ်ခတ်ခဲ့​တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်သွားတာက ဦးညီညီလွင် ကိုပါ။ သူက ဆေးရုံပို့နေတုန်း သေသွားတာပါ။ သူ့နောက်ဘက်က အိမ်အဝင်ပေါက်မှာ ထမင်းထိုင်စားနေတဲ့ ကောင်မလေးရဲ့ ခေါင်းကိုလည်း ကျည်စင်ပြီး ထိသွားတာ။ အဲ့ကောင်မလေးကတော့ ပွဲချင်းပြီးပဲ။”

သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးညီညီလွင်မှာ ချိုင်း(ဂျိုင်း)အောက်ဖောက်ဝင်ဒဏ်ရာ တချက်၊ နံစောင်းဖောက်ဝင်ဒဏ်ရာတချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာတချက်နဲ့ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာတချက်တို့ ရရှိပြီး ဆေးရုံကိုပို့ဆောင်စဉ် သေဆုံးခဲ့ကာ ကျည်ထိမှန်သူ မနှင်းရည်ထွေးမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားကြောင်း ကျိုက်ထိုမြို့နယ်ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီး မုပ္ပလင်ကျေးရွာ အဝင်အထွက်လမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားကာ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024