ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဇန်နဝါရီ ၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်လို့ ချောင်းထဲကို ခုန်ဆင်းပြေးသွားတဲ့ ကျောင်းဆရာတယောက်ရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာကို ဇန်နဝါရီ ၂ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြတယ်လို့ ချီလည်ဖင်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းက သေနတ်နဲ့ လိုက်လံပစ်ခတ်တာကြောင့် ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာတယောက် ချောင်းထဲကို ခုန်ဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာ ၂ ညအိပ် ၃ ရက်အကြာ ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီကျော်လောက်မှာ ရေနစ်သေဆုံးနေတဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့သူကတော့ ချီလည်ဖင်းကျေးရွာက အသက် ၂၁ နှစ်အရွယ် အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုဇွဲနိုင်ဝင်းဖြစ်ပြီး ဇန်နဝါရီ ၄ ရက် ညနေမှာပဲ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မနက် ၈ နာရီလောက်ကနေ ၉ နာရီကျော်တဲ့အထိ ရွာထဲမှာ ရမ်းကားပစ်ခတ်ပြီး နေအိမ်တအိမ်ကိုလည်း ဖြိုချဖျက်ဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ်၊ ချီလည်ပင်းရွာမှာ ဒီဇင်ဘာ ၄ ရက် မနက်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူတယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။