Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လှိုင်မြို့နယ်တို့တွင် ကားမီးလောင်မှုများ ဖြစ်ပွား
DVB
·
January 5, 2024
Car fire_05012024

ရန်ကုန်၊ လှိုင်မြို့နယ်နဲ့ မန္တလေး-ရန်ကုန် အမြန်လမ်းမတို့မှာ ဇန်နဝါရီ ၅ ရက်က အိမ်စီးကား ၂ စီး အပူလွန်ကဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ လှိုင်တက္ကသိုလ်အနီး ပါရမီလမ်းပေါ်မှာ မနက်အစောပိုင်း ၂ နာရီ မိနစ် ၄၀ လောက်က တိုယိုတာ ဟာရီယာ 99 ကားတစီးဟာ မောင်းနေရင်း မီးလောင်ခဲ့လို့ လှိုင်မြို့နယ်မီးသတ်က မီးသတ်ယာဉ် ၂ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ပါတယ်။

မနက် ၂ နာရီ မိနစ် ၅၀ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ကားမီးလောင်မှုကြောင့် လူထိခိုက်မှုမရှိပေမဲ့ ကားတစီးလုံး ပျက်စီးဆုံးရှုံးသွားပါတယ်။

မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ကားပေါ်ပါသူတွေတော့ ဘာမှမဖြစ်ပါဘူး။ ကလပ်က ပြန်လာတဲ့ကားလို့ ပြောတယ်။ ကားကတော့ အရိုးပဲကျန်တော့တယ်။ Harrier 99 ကားပါ” လို့ ပြောပါတယ်။

ဒီနေ့ နေ့ခင်း ၁၁ နာရီ မိနစ် ၅၀ လောက်မှာလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ သာဂရအမြန်လမ်း မီးသတ်နယ်‌မြေ၊ မိုင်တိုင်အမှတ် ၁၇၀/၃ ဖာလုံနဲ့ ၁၇၀/၄ ဖာလုံအကြားမှာ လူ ၂ ဦးပါ အဖြူရောင် Hummer အိမ်စီးကားတစီး မီးလောင်ခဲ့ပါတယ်။

အဆိုပါကားဟာ ရန်ကုန်မြို့ကနေ နေပြည်တော်ကို မောင်းနှင်လာရင်း ကားရှေ့စက်ခန်းကနေ မီးတောက်လာခဲ့ကာ လောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။

သာဂရအမြန်လမ်းမီးသတ် တာဝန်ရှိသူတဦးက “လမ်းသွားတဲ့ကားတွေကနေ စခန်းကို လာပြောတာ၊ ကားက အပူလွန်ကဲ လောင်တာပါ။ ကားပေါ်မှာပါတဲ့ ၂ ယောက်တော့ ထိခိုက်မှု မရှိပါဘူး။ ကားက ရန်ကုန်ကနေ နေပြည်တော်ကို မောင်းလာတာ” လို့ ပြောပါတယ်။

မီးလောင်မှုကို လမ်းသွားလမ်းလာ ကားတွေကနေ အမြန်လမ်းမီးသတ်ကို အကြောင်းကြားခဲ့တာဖြစ်ပြီး ရောက်ရှိ ငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။

အမြန်လမ်းပေါ်မှာပဲ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်က မိုင်တိုင်အမှတ် ၁၂၉/၇ ဖာလုံအနီးမှာ Hono Profia ၁၀ ဘီးကားတစီး လမ်းလယ်ကျွန်းကို တိုက်မိပြီး မီးလောင်ခဲ့သလို ဒီဇင်ဘာ ၁၉ ရက်ကလည်း မိုင်တိုင်အမှတ် ၂၄၆/၃ ဖာလုံနဲ့ ၄ ဖာလုံကြားမှာ Express ခရီးသည်တင်ယာဉ်တစီးရဲ့ ကားနောက်ဘက် အင်ဂျင်ခန်းကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024