အစဉ်အလာမပျက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါတဲ့ လွတ်ငြိမ်းခွင့်သတင်းက ဇန်နဝါရီ ၄ ရက်ညမှာ ငြိမ်သက်သွားပြီး မကြာခင် လောက်ကိုင်မြို့ကို လုံးဝသိမ်းလိုက်နိုင်ပြီဆိုတဲ့သတင်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် အရှိန်ပြင်းပြင်းနဲ့ ပြေးတက်လာခဲ့တယ်။
ကိုးကန့်ဒေသရဲ့ နောက်ဆုံးလက်ကျန် အကြမ်းဖက်စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်)ကိုးကန့်တပ် MNDAA ထံ လက်နက်ချအညံ့ခံ။ လောက်ကိုင်မြို့ကို MNDAA လုံးဝ သိမ်းပိုက်ခြင်း။
ဒကစ-လောက်ကိုင်ရဲ့ လက်နက်ချမှုမှာ အရင်တုန်းက လက်နက်ချပုံစံနဲ့မတူတဲ့ အပေးအယူတွေနဲ့မို့ စိတ်ဝင်စားစရာ။ ဒကစ-လောက်ကိုင်တပ်ထဲမှာရှိတဲ့ စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လားရှိုး ပြန်ပို့ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်နက်ချခြင်းလို့ ဆိုတယ်။ သတင်းတချို့ကတော့ ကျိုင်းတုံကို ပြန်ပို့ပေးရမယ်လို့လည်း ဆိုတယ်။
သဘောတူညီချက်အပြည့်အစုံကို မသိရသေးပေမဲ့ အဓိပ္ပါယ်ကတော့ လူကို အသက်ချမ်းသာ ပေးရုံတင်မက ဘေးကင်းရာသို့လည်း ပို့ဆောင်ပေးမယ်။ လက်နက်တွေတော့ ထားခဲ့ရမယ် ဆိုတာမျိုး။ အဲဒီလက်နက်ချ အညံ့ခံသဘောတူညီချက်ကို နေပြည်တော်စစ်ခေါင်းဆောင်တွေရဲ့ အတည်ပြုချက်နဲ့ ဒကစ-လောင်ကိုင်အကြီးအကဲက ပြုလုပ်တာလား။ ဒါမှမဟုတ် ဒကစ-လောက်ကိုင်က စစ်တပ်အရာရှိကြီးတွေ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ကာ ကြိုက်တဲ့ အပြစ်ပေး လည်စင်းခံမယ်ဆိုပြီး ခေါင်းငိုက်စိုက်ချ ပြန်ကြတာလား။ ညီနောင် ၃ဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုး မရှိလေတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
သတင်းတချို့က လက်နက်ချ အညံ့ခံသဘောတူညီချက်ကို နေပြည်တော် စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် MNDAA နဲ့ ညှိနှိုင်းခဲ့ကြောင်း ဖော်ပြကြပေမဲ့ အတည်မပြုနိုင်ကြ သေးပါဘူး။ အညံ့ခံသဘောတူညီချက်ကို စစ်ကောင်စီကိုယ်တိုင် လက်ခံခဲ့တာဆိုရင်တော့ စစ်အုပ်စုရဲ့ ပထမဆုံးအကြိမ် တရားဝင်လက်နက်ချပွဲအဖြစ် သမိုင်းဝင် သွားမှာပါ။
အညံ့ခံသဘောတူညီချက်ကို စစ်အုပ်စုက အတည်ပြုခဲ့တယ်ဆိုရင် နေပြည်တော်စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ပစ္စက္ခကိုယ့်စစ်တပ်ရဲ့ ဘဝပေးအခြေအနေကို မှန်မှန်ကန်ကန် မြင်တတ်လာပြီလို့ ဆိုနိုင်ပါမယ်။ ဘာလို့လဲဆိုတော့ ဒုတိယအကြိမ် ကူမင်းဆွေးနွေးပွဲအထိ စစ်တပ်ဟာ ကိုယ်ရှုံးနေတာ ကိုယ်မသိဘဲ အောင်ပွဲခံနေသူကြီးပမာ အပေါ်စီးကနေ တင်းတင်းမာမာ ဆက်ဆံခဲ့တာကြောင့်ပါပဲ။
ဒီဇင်ဘာ ၁၀ ရက်နေ့၊ ပထမအကြိမ် ကူမင်းဆွေးနွေးပွဲတုန်းကလည်း စစ်အုပ်စု ကိုယ်စားလှယ်တွေက ထီမထင်မျက်နှာပေးနဲ့ပဲ။ ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိ ဒုတိယအကြိမ် ကူမင်းဆွေးနွေးပွဲမှာလည်း TNLA နဲ့ MNDAA သိမ်းထားတဲ့နယ်မြေတွေ ပြန်ပေးဖို့ အပေါ်စီးကနေ တောင်းဆိုခဲ့ရုံတင်မက စစ်အုပ်စုကိုယ်စားလှယ်၊ မင်းအောင်လှိုင်ခန့် ဒုဗိုလ်ချုပ်ကြီး မင်းနိုင်ဆိုသူက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့နယ်မြေတွေ အေးချမ်းမှု မရှိစေရေး လက်နက်ဆန်းတွေနဲ့ တိုက်ခိုက်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ပါသေးတယ်။
အဲဒီဆွေးနွေးပွဲမှာ မင်းနိုင်က “မင်းတို့ တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ”လို့ စစ်အုပ်စုနည်းနာအတိုင်း ဗြောင်ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။
မင်းနိုင်က အဲဒီလို မခြိမ်းခြောက်ခင်ကတည်းကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ မြို့ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာကို စစ်အုပ်စုက မဟာဗျူဟာမြောက်လုပ် ဆောင်နေခဲ့တာပါ။
လောလောလတ်လတ် ဇန်နဝါရီ ၂ ရက်နေ့ကပဲ တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့ရာမှာ ကောလင်းမြို့ခံပြည်သူတချို့ သေဆုံးဒဏ်ရာရခဲ့ပါတယ်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းထားတဲ့ မြို့တွေဆိုရင်လည်း လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိပါတယ်။ ဆိုတော့ လောက်ကိုင်မြို့ကိုလည်း မကြာမီ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ကရှင်းပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ တည်ငြိမ်မှု မရှိရေးပဲဖြစ်ပါတယ်။ စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့မြို့တွေကို လက်နက်ကြီးနဲ့ပစ်ပြီး လေကြောင်းတိုက်ခိုက်တာဟာ စစ်ရေးပစ်မှတ်တွေကို မဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုပဲ ဖြစ်ပါတယ်။
အဲဒီလို ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ မြို့တွေမှာ ပြန်လည်နေထိုင်နေကြပြီဖြစ်တဲ့ ဒေသခံတွေ သိရှိကြပြီးဖြစ်ပါတယ်။ ပြောရရင် အဲဒီဒေသခံတွေဟာ ကိုယ့်အိမ်ပေါ် ဘယ်တော့လက်နက်ကြီးကျမလဲ၊ ဗုံးကြဲခံရမလဲဆိုတဲ့စိတ်နဲ့ အသက်နဲ့အလဲအထပ်လုပ်ကာ ကိုယ့်အိမ်ကိုယ်ပြန် နေကြတာဖြစ်ပါတယ်။ ဘာ့ကြောင့် အသက်အန္တရာယ်နဲ့ နီးတဲ့နေရာမှာ လာပြန်နေကြတာလဲလို့ မေးစရာရှိပါတယ်။ တည့်တည့် ပြောရရင် တခြားလုံခြုံရာအရပ်မှာ ရေရှည်သွားနေနိုင်တဲ့ ငွေကြေးအင်အားမရှိခြင်းကြောင့် ဖြစ်ချင် ဖြစ်စိတ်နဲ့ ကိုယ့်မြို့ကိုယ်ပြန်လာကြခြင်း ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာသိမ်းထားတဲ့မြို့တွေကို ထိန်းထားနိုင်ပြီး မြေပြင်တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်စွမ်းရှိနေပေမဲ့ တည်ငြိမ်မှုမရှိအောင် ဒုက္ခပေးနေတဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကိုတော့ ဘယ်လိုမှ ဟန့် တားနိုင်စွမ်းမရှိပါဘူး။
ဒါ့အပြင် ပြင်းထန်ပြီး မြေပြင်မှာ စစ်သားတွေ အထိနာခဲ့တဲ့ တိုက်ပွဲတိုင်းနီးပါးမှာ စစ်အုပ်စုဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို ပုံအောသုံးခဲ့ပါတယ်။ စစ်အုပ်စုရဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကို မဟန့်တားနိုင်ပေမဲ့ အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်တာကတော့ သေချာပါတယ်။
ဇန်နဝါရီ ၃ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ရိက္ခာပို့စစ်ရဟတ်ယာဉ်တစ်စင်းကို ကေအိုင်အေက ပစ်ချလိုက်ခြင်းနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကရင်နီပြည်နယ်အတွင်း တိုက်လေယာဉ်တစ်စင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချလိုက်နိုင်တာတွေ ရှိပေမဲ့ အလုံးအရင်းနဲ့ ချေမှုန်းနိုင်ခြင်းမဟုတ်ပါဘူး။ ဒါ့ကြောင့် စစ်လေယာဉ်တွေဟာ ဝေဟင်မှာ ရဲရဲတင်းတင်းပျံဝဲနေပြီး ပြည်သူတွေကိုရော တော်လှန်ရေးတပ်တွေကိုပါ အတိုင်းအတာတစ်ခုအထိ ကောင်းကောင်း ဒုက္ခပေးနေဆဲပါပဲ။
မြေပြင်တိုက်ပွဲတွေမှာ မယှဉ်နိုင်တဲ့ စစ်အုပ်စုဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေရတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းကိုသာ ကောင်းကောင်းရိုက်ချိုးနိုင်မယ်ဆိုရင် နေပြည်တော်စစ်ဗိုလ်ချုပ်တွေ အာဏာလမ်းဆုံးဆီ စောစောစီးစီး ဆိုက်ရောက်သွားနိုင်ပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကိုမဟာဗျူဟာမြောက် ရိုက်ချိုးနိုင်ရေး တစ်ခုတည်းသော နည်းလမ်းကအမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုသာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံခြားဝင်ငွေ လည်မျိုကို တင်းသထက်တင်းတင်း နာနာညှစ်နိုင်ဖို့လိုပါမယ်။ ဒါ့ကြောင့် NUG အစိုးရနဲ့ နိုင်ငံတကာအဆင့်ပေါက်ရောက်တဲ့ နွေဦးတော်လှန်ရေး မိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေက စစ်အုပ်စုလည်မျိုညှစ်ရေး ကိစ္စတွေအပေါ် သံပြိုင် ဝိုင်းတွန်းအားပေးဖို့ လိုပါမယ်။
အခုဆိုရင် ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်သာဝေးတဲ့နေရာက သံဘိုကျေးရွာစစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီဖြစ်သလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကိုလည်း ညီနောင် ၃ ဖွဲ့က မျက်စောင်းထိုးလာနိုင်ပြီဖြစ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ရင်တောင် စစ်အုပ်စု မျက်ဖြူလန်ချိန် မြန်သွားမှာ အသေအချာပါပဲ။
ထွန်းလင်း