ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဒေသခံ လီဆူအမျိုးသားလူငယ်တွေဟာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အတွင်း တာဝန်မထမ်းဆောင်လိုတဲ့အတွက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ်မှာ နေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေကို တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့ လိုက်လံစုဆောင်းနေတဲ့အတွက် လူငယ်တချို့က တခြားမြို့ရွာတွေဆီ တိမ်းရှောင်နေကြရပါတယ်။
ဒေသခံ လီဆူလူငယ် တစ်ဦးက "ပြည်သူ့စစ်ထဲ စစ်မှုထမ်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လောက်ကတည်းက လိုက်လံစုဆောင်းနေတယ်။ လီဆူ လူငယ်တချို့ကတော့တခြား မြို့ရွာတွေကို တိမ်းရှောင်ကုန်ကြပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆို တိမ်းရှောင်တဲ့သူ ပိုများတယ်။ စစ်မှု မထမ်းချင်ကြဘူးလေ"လို့ပြောပါတယ်။
ပြည်သူ့စစ် တပ်ဖွဲ့အတွင်း ဝင်ရောက်ပြီး စစ်မှုမထမ်းလိုတာကြောင့် လူငယ်အများစုဟာ မော်တော်ယာဉ်နဲ့ လမ်းခရီး စိတ်မချရတဲ့လို့ လေကြောင်းနဲ့ တခြားမြို့ရွာတွေကို တိမ်းရှောင်ကြတာရှိတယ်လို့လည်း ပြောဆိုပါတယ်။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)ရဲ့ ဥက္ကဋ္ဌဖြစ်သလို စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ပြည်သူ့စစ်အဖွဲ့ လည်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ရဲ့ ဥက္ကဋ္ဌ ဦးရွှေမင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က မြန်မာနိုင်ငံ လီဆူစစ်တပ် ဖွဲ့စည်းတည်ထောင်ဖို့ ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ လီဆူလူငယ်တချို့ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။