ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အခြေစိုက် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ လက်ကျန် ခလရ -၂၃၉ တပ်ဖွဲ့ဝင် အားလုံး ဇန်နဝါရီ ၄ ရက်က MNDAA ထံ လက်နက်ချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နယ်စပ် ဒေသခံ တစ်ဦးက"လောက်ကိုင်မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အကုန်လုံး လက်နက်ချကုန်ပြီ။ တိုက်ပွဲ မရှိတော့ဘူး ဆိုတဲ့ သဘောလား မသိဘူး" လို့ ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကွပ်ကဲမှုအောက်ရှိ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ ကျန်တဲ့ တပ်ရင်းတွေပါ လက်နက်ချသွားတာလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ တစ်ဦးကလည်း "မဟာမိတ်တပ်ဖွဲ့တွေက ဒီ ၁၂၅ မှာ ကုန်တင်ကားကြီး ၁၀ စီးကို လာရှာတယ်။ လက်နက်ချတဲ့ စစ်ကောင်စီ အဖွဲ့ကို ပြန်ပို့မယ်လို့ ပြောသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ အခြေအနေတွေရှုပ်ထွေးနေပြီး လောက်ကိုင် ကျသွားပြီ ဆိုတဲ့သတင်းနဲ့ ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီမှာ လောက်ကိုင် ဒကစမှူး လက်နက်ချဖို့ လက်မှတ်ထိုးပေးလိုက်ပြီ ဆိုတဲ့သတင်းတွေဟာ သတင်းအမှားဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေမှာ ဖော်ပြတာတွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ MNDAA နဲ့ ပူးပေါင်း မဟာမိတ်ဘက်က အတည်ပြု သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။