ဂါဇာကမ်းမြောင်မှာ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်မျိုးတွေ မတွေ့ရဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သယူးမီလာက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးက ဆင်နွှဲနေတဲ့ စစ်ဆင်ရေးဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICJ) မှာ အစ္စရေးနိုင်ငံကို တောင်အာဖရိကနိုင်ငံက တရားစွဲဆိုခဲ့ပြီးတဲ့နောက် အခုလို အမေရိကန်က ကာကွယ်ပြောကြားပေးခဲ့တာ ဖြစ်ပါတယ်။
“ဒီလိုစွပ်စွဲမှုတွေက ပေါ့ပေါ့တန်တန်လုပ်လို့ မရပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်မျိုး ကျနော်တို့ မတွေ့ရပါဘူး” လို့ မီလာက ပြောပါတယ်။
“ဒါက နိုင်ငံခြားရေးဌာနရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
၁၉၄၈ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းပါ ဝတ္တရားတွေကို အစ္စရေးက ချိုးဖောက်တယ်လို့ ICJ က အမြန်အမိန့်ထုတ်ပေးဖို့ တောင်အာဖရိကနိုင်ငံက လျှောက်ထားခဲ့တဲ့ အပေါ် အမေရိကန်က သူ့ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီလျှောက်ထားချက်ကို လက်ခံဖို့ သင့်၊ မသင့် ICJ မှာ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကြားနာမှာဖြစ်ပါတယ်။
ကွန်ဗင်းရှင်းအရ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးရေး၊ ဘာသာရေး လူ့အဖွဲ့အစည်းတခုခုကို အလုံးစုံ သို့မဟုတ် တစိတ်တပိုင်း ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့လုပ်ရပ်တွေလို့ အနက်ဖွင့်ထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်ဖို့ လုပ်ရပ်တွေထဲမှာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းလူမျိုး အများအပြား၊ အထူးသဖြင့် ကလေးသူငယ်တွေကို သတ်ဖြတ်တာ၊ သူတို့ရဲ့အိမ်တွေကို ဖျက်ဆီးတာ၊ နှင်ထုတ်တာ၊ နေရာရွှေ့ပြောင်းခိုင်းတာ၊ အစားအစာ၊ ရေနဲ့ ဆေးဝါးအကူအညီတွေကို တားဆီးပိတ်ဆို့တာတွေ ပါဝင်တယ်လို့ တောင်အာဖရိကရဲ့ စွပ်စွဲချက်မှာ ပါရှိပါတယ်။
အစ္စရေးထိုးစစ်ကြောင့် သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၃ ရက်အထိ ၂၂,၃၁၃ ဦး ရှိလာပြီဖြစ်တယ်လို့ ဟားမတ်စ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်ဟာ အခြေအမြစ်မရှိဘဲ ဟားမတ်စ်တွေဟာ ပါလက်စတိုင်း လူမျိုးတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုပြီး ထောက်ပံ့တဲ့အကူအညီတွေကို ခိုးယူနေတယ်လို့ အစ္စရေးက တုံ့ပြန်ထားပါတယ်။
Source/Photo-Reuters