မြန်မာနိုင်ငံကနေ ရာသီချိန် လုပ်သားခေါ်ယူရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးတာတွေ မပြုလုပ်ဖို့ တောင်ကိုရီးယားအစိုးရက သူ့ရဲ့ ခရိုင်၊ မြို့နယ် အာဏာပိုင်တွေကို မှာကြားထားတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီနေသူတွေဆီက သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံကို မြန်မာရာသီချိန်လုပ်သား စေလွှတ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က ကြိုးစား ချိတ်ဆက်မှုတွေ ပြုလုပ်နေပေမဲ့ ကိုရီးယားအစိုးရဘက်က လက်ခံမယ့်အခြေအနေ မတွေ့ရဘူးလို့ သူတို့ကဆိုပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားအရေး ကူညီနေသူတဦးက “ကိုရီးယားအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပြည်နယ်၊ ခရိုင် အစိုးရတွေကို MOU လက်မှတ်ရေးထိုးတာ မလုပ်ဖို့ မှာကြားထားတဲ့ သတင်းအချက်အလက်က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ရထားတာပါ။ စစ်ကောင်စီဘက်ကလည်း ကိုယ်စားလှယ်တွေလွှတ်ပြီး အလုပ်သမား စေလွှတ်နိုင်ရေး စည်းရုံးကြိုးစားနေတာတွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ခရိုင်၊ မြို့နယ် အာဏာပိုင်တွေကို အသိပေးထားတဲ့စာမှာ နိုင်ငံရပ်ခြား အလုပ်သမားများစေလွှတ်ရေး နားလည်မှုစာချွန်လွှာများ ချုပ်ဆိုဖို့အတွက် အခွင့်အာဏာဟာ ဗဟိုအစိုးရ (အလုပ်သမားဝန်ကြီးဌာန) နဲ့ပဲ သက်ဆိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို မြန်မာစစ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ဆိုတာ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံရေးအရ အလွန်သတိထားရမယ့်ကိစ္စ ဖြစ်သလို မြို့နဲ့ ခရိုင်တခုစီ အနေနဲ့လည်း မြန်မာစစ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးတာ ရှောင်ကြဉ်ဖို့ဆိုပြီး ဖော်ပြထားပါတယ်။
တောင်ကိုရီးယားကို ရာသီချိန်လုပ်သားစေလွှတ်မယ့် သတင်းဟာ ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းက ထွက်ပေါ်ခဲ့ပြီး မူလက ကြံ့ခိုင်ရေးပါတီက စေလွှတ်ဖို့ ကြိုးစားကာ လူကြိုတင်စုဆောင်းပြီး သင်တန်းဖွင့်လှစ်တာတွေ ရှိခဲ့တယ်လို့ သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေသူတွေက ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကလည်း ရာသီချိန်လုပ်သားစေလွှတ်ဖို့ ပြင်ဆင်နေတာ မှန်ကန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ စေလွှတ်လိုတဲ့ အေဂျင်စီတွေကို တင်ပြလျှောက်ထားခွင့် ပြုခဲ့ပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ရာသီချိန်လုပ်သားတွေကို မတ်လလောက်မှာ စတင်စေလွှတ်နိုင်ဖို့ မှန်းထားတယ် ဆိုပြီးတော့လည်း ပြောထားပါတယ်။
တောင်ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့ အလုပ်သမားခေါ်ယူရေးကိစ္စ နှစ်နိုင်ငံလက်မှတ်ရေးထိုးခြင်းနဲ့ ကိုရီးယားအစိုးရဟာ နိုင်ငံတကာမှာ မျက်နှာပျက်ခံနိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ကြပါတယ်။