ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ လမ်းမတော်မြို့နယ်တို့မှာ ဇန်နဝါရီ ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အိမ် ၄ လုံးနဲ့ တိုက်ခန်း ၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ မြောက်ဥက္ကလာပမြို့နယ်၊ က ရပ်ကွက်၊ တုသိတာ ၂ လမ်းရှိ ပျဉ်ထောင်အိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးတောက်အားကောင်းနေတာကြောင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက Level 1 အုပ်စုယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။
WBG ဝေဘာဂီလူမှုကယ်ဆယ်ရေး တာဝန်ရှိသူက “အိမ်က ၂ ထပ်အိမ် ၄ လုံးလောက် လောင်သွားတယ်။ level 1 ဆင့်ခေါ်ရတာပါ။ မီးငြှိမ်းရင်း မီးသတ်တပ်ဖွဲ့ထဲက ပြတ်ရှဒဏ်ရာလောက် ရကြတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဟာ ဘေးဘက်ရှိ အိမ်တွေကိုပါ ဆက်တိုက်ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် နှစ်ထပ်အိမ် ၄ လုံး ပျက်စီးသွားခဲ့ရပြီး မနက် ၄ နာရီ ၄၆ မိနစ်လောက်မှာ မီးထိန်းနိုင်ကာ ၄ နာရီ မိနစ် ၅၀ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။
ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ မနက်အစောပိုင်းမှာ ထင်းမီးနဲ့ ထမင်းချက်ရာက နေအိမ်တွေပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပြီး ပျက်စီးမှုတန်ဖိုးအသေးစိတ်ကို မြောက်ဥက္ကလာပမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။
ဒီနေ့မနက် ၉ နာရီ မိနစ် ၄၀ လောက်ကလည်း လမ်းမတော်မြို့နယ်၊ ၃ ရပ်ကွက်၊ လမ်းမတော် ၈ လမ်း (အောက်ဘလောက်) ရှိ သုံးလွှာတိုက်ခန်းမှာ ဝါယာရှော့ဖြစ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုနေရာကို ကျောက်တံတားမြို့နယ် မီးသတ်ယာဉ် ၃ စီး၊ အရပ်ဘက်အသင်းတွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်တိုက်နဲ့ ဘေးဘက်တိုက်ခန်းတွေမှာ နေထိုင်သူတွေကို မီးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ကြပါတယ်။
မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူက “လမ်းမတော် ၈ လမ်းက တိုက်တခုမှာ လောင်တာပါ။ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ ကြားတယ်။ အမျိုးသမီး ၁ ဦးက ကြောင်ကျန်ခဲ့လို့ တက်ယူရင်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။
မီးသတ်ယာဉ်တွေ မရောက်ရှိသေးခင်မှာ မီးလောင်တိုက်ခန်းမှာ နေထိုင်သူ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦးက အိပ်ခန်းအတွင်း ကြောင်ကျန်ခဲ့တာကို တက်ယူရင်း မီးခိုးမွှန်သေဆုံးသွားခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့တွေ အချိန်မီငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀ နာရီ ၂ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့ပြီး သေဆုံးသူကို အရပ်ဘက်အသင်းယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃ ရက် ညပိုင်းကလည်း ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်က အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတခု မီးလောင်ခဲ့ပြီး ကြောင်နဲ့ ခွေး အကောင်ရေ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။