ဂျပန်နိုင်ငံမှာ လူပေါင်း ၇၇ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အင်အားပြင်းငလျင်ကြောင့် အရေးကြီးတဲ့ ၇၂ နာရီကြာ ရှင်သန်မှု အချိန်ကာလ ပြီးဆုံးတော့မှာဖြစ်တာလို့ ဇန်နဝါရီ ၄ ရက်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သတင်းထောက်တွေကို ပြောကြားပါတယ်။
ငလျင်လှုပ်ပြီးနောက် ၇၂ နာရီအကြာမှာ အဆောက်အဦးအပျက်အစီးတွေအကြား ပိတ်မိနေသူတွေရဲ့ အသက်ရှင်နေနိုင်တဲ့ ရာခိုင်နှုန်း နည်းသွားတယ်လို့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်သူတွေက ပြောပါတယ်။
လူအများအပြားဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတယ်လို့ ယူဆရပြီး ကယ်ဆယ်ရေးသမားတွေကို စောင့်မျှော်နေကြတဲ့ အဲဒီလူတွေဆီ မြန်မြန်ရောက်ရှိဖို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စုမှာ ဘေးဒဏ်သင့်ဒေသရဲ့ အခြေအနေက အရမ်းခက်ခဲပေမဲ့လည်း လူတွေကို တတ်နိုင်သမျှ အသက်ကယ်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း အယောက် ၂,၀၀၀ ကနေ ၄,၆၀၀ အထိ နှစ်ဆကျော် တိုးပေးထားတယ်လို့ ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေနဲ့ မီဒီယာတွေရဲ့သတင်းတွေအရ ငလျင်ဘေးသင့်ဒေသမှာ ရေအပါအဝင် အခြေခံရိက္ခာတွေ ပြတ်လပ်နေကြောင်းလည်း သိရပါတယ်။
ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသရဲ့ ဝေးလံခေါင်သီလွန်းတဲ့ တည်နေရာနဲ့ ထိခိုက်ပျက်စီးထားတဲ့ လမ်းတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှောင့်နှေး ရှုပ်ထွေးနေပါတယ်။
ငလျင်ကြီး လှုပ်ခတ်ပြီးကတည်းက နိုတိုကျွန်းဆွယ်မှာ နောက်ဆက်တွဲ လှုပ်ခတ်မှုပေါင်း ၆၀၀ နီးပါး ရှိခဲ့ပြီး နောက်ထပ် အခြေခံအဆောက်အဦတွေ ပျက်စီးမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
Source/Photo-Reuters