ပုသိမ်အကျဉ်းထောင်မှာ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချထားတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ဇန်နဝါရီ ၄ ရက် ဒီကနေ့ ပြန်လွတ်လာပါတယ်။
အကျဉ်းထောင်နဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံတဦးက “လူမှုရေးဝန်ကြီး ဒီနေ့လွတ်ငြိမ်းမှာ ပြန်လွှတ်ပေးတာ။ ကျန်းမာရေးတော့ ကောင်းပါတယ်။ လွတ်လာပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ အားလုံးကို တိုင်းအစိုးရဝန်ကြီးအိမ်ရာမှာ အကျုပ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာတော့ ပြန်လွှတ်ပေးခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး တယောက်တည်းကို စစ်ကောင်စီက တရားစွဲပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကိုယ်စားပြုပြီး ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရတာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူထားရသူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ အကျဉ်းသား ၉,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တာမှာ ပုသိမ်ထောင်ကနေ အကျဥ်းသား ၁၇၈ ဦး၊ အကျဥ်းသူ ၂၀ ကျော်နဲ့ နယ်ကျော်မှုနဲ့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် လွတ်မြောက်လာကြောင်း အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူထံက သိရပါတယ်။