ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းတခုဖြစ်တဲ့ ကရင်ပြည်နယ်၊ ထို့ကော်ကိုးလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့စုံက ဖြတ်သန်းသွားလာခတွေ တိုးမြှင့်ကောက်ခံနေပြီး ၁၀ ဘီးအထက် ကုန်ကားတွေ ဖြတ်သန်းခွင့်ကိုလည်း ပိတ်ပင်လိုက်တယ်လို့ ကားသမားတွေထံက သိရပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေးလမ်းဖြစ်တဲ့ အာရှလမ်းမကြီး ယာယီပိတ်ထားတဲ့ နောက်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ကားတွေက လမ်းဟောင်း ထို့ကော်ကိုး ကျော့ခိုဘက်ကနေ သွားလာနေရတာပါ။
၂၀၂၄ ခု ဇန်နဝါရီ ၁ ရက်ကစပြီး ထို့ကော်ကိုးလမ်းမှာ ဖြတ်သန်းသွားလာခတွေ တိုးမြှင့်ကောက်ခံနေတဲ့အတွက် ကားသမားတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။ အရင်က ပေးရတဲ့ ကုန်ကျစရိတ်ရဲ့ နှစ်ဆလောက် ပိုပေးနေရတယ်လို့ နေ့စဉ် ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ကားသမားတယောက်က ပြောပါတယ်။
“ပထမ အဖွဲ့စုံဆိုတာရှိတယ်။ အဖွဲ့စုံဆိုတာ DKBA၊ PC KNU တို့ ဘာတို့ရှိတယ်။ အဲဒီအဖွဲ့စုံကို လေးသောင်း။ နောက် တောင်ပေါ်ကို တက်ရမယ်ဆို ကျနော်တို့က လက်မှတ်ဖြတ်ရတယ်။ without ဆို တစီး ငါးသောင်းဗျ။ အိမ်စီးကားဆို လူပေါ်ကြည့်ပြီး လူတယောက် ၁ ထောင်တို့ ဘာတို့ ကောက်တယ်။ ကုန်ကားကြီးတွေကျတော့ တတန်ကို ၆ သိန်း၊ ၃ သိန်းတို့ပေါ့။ ၁၂ ဘီးကားတွေကို ၁၂ လပိုင်းတုန်းက လွတ်တယ်၊ အဲဒီလမ်းက အခက်အခဲရှိတယ်။ အတက် တရက် အဆင်း တရက်ကို ဘားအံကိုရောက်ဖို့ကို လမ်းမှာ အဲဒီ ၁၂ ဘီးတွေက မတက်တော့ နောက်က ကားလေးတွေက လမ်းပိတ်တာပေါ့။”
ပြင်ဆင်ဆဲလမ်းတွေ တံတားတွေ ပျက်စီးစေတဲ့အတွက် ၁၀ ဘီးနဲ့ အထက်ကားတွေကို ဖြတ်သန်းခွင့် လုံးဝ ပိတ်ပင်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူခွဲထွက်အဖွဲ့ ဖြစ်တဲ့ KNU/KNLA-PC က ထုတ်ပြန်ထားပါတယ်။
အခုလိုဖြတ်သန်းခတွေ တိုးမြှင့်ကောက်ခံနေတာနဲ့ ပတ်သက်လို့ အန်စီအေ လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ KNU/KNLA-PC ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်း အဆက်သွယ်မရရှိခဲ့ပါဘူး။
လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ဖြတ်သန်းသွားလာခတွေက အမှန်တကယ်မဟုတ်ဘဲ အနီးစပ်ဆုံး ခန့်မှန်း ရေးသားထားတဲ့ အချက်အလက်သာ ဖြစ်တယ်လို့ ကားသမားတွေက ပြောပါတယ်။
ဖြတ်သန်းခ တိုးမြှင့်ကောက်ခံတာနဲ့ လမ်းမှာ အချိန်ကြာမြင့်နေတာတွေကြောင့် ကုန်သွယ်စီးဆင်းမှု နှောင့်နှေးကြန့်ကြာတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ မြဝတီမြို့ခံ ကုန်သည်တယောက်က ပြောပါတယ်။
“မြဝတီကနေ ဘားအံသွားမယ့် ခရီးသည်က လမ်းမှာ တညအိပ်ရတယ်။ အခု နှင်းဆီပန်းတို့၊ ဘုရားပန်းတို့ပေါ့။ ကျိုက်ထိုဘက်ကလာတဲ့ပန်းတွေ၊ တောင်ကြီးဘက်က လာတဲ့ မေမြို့တို့ ပန်းသေတ္တာလိုက် ပစ်ရတာ၊ ကွမ်းသမားတွေဆို ပုပ်ကုန်တယ်။ လမ်းမှာ သာမန်ပစ္စည်းက ၃ ရက်လောက် ကြာတယ်။ ခရီးသည်တွေလည်း အိပ်ရတယ်။ ကားတွေလည်း အိပ်ရတယ်။ နောက်တခုက စနစ်မကျတာတခု ရှိတယ်ပေါ့။ ကားကို အတက် တရက် အဆင်း တရက်လို့ သတ်မှတ်ထားပေမဲ့ ပိုက်ဆံရတယ်ဆို ပေးသွားလိုက်တယ်။ အဲဒီမှာ ရှင်းလို့ မရတော့ဘူး၊ ဈေးတွေက အကုန်တက်တယ်။ ကုန်သည်တွေက မရရတဲ့ဆီက ဝယ်တာဆိုတော့။”
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပြည်တွင်းထဲကို တင်သွင်းနေတဲ့ ထိုင်းပစ္စည်းတွေ ပြတ်တောက်မှုနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။
KNU/KNLA-PC-က ထို့ကော်ကိုး ကျော့်ခိုလမ်းမှာ ၁၀ ဘီးနဲ့အထက် ကားတွေ ဖြတ်သန်းခွင့် မပြုဖို့ ဒီဇင်ဘာ ၉ ရက်မှာ ပထမအကြိမ် ထုတ်ပြန်ခဲ့ပေမဲ့ ကားသမားတွေဘက်က လိုက်နာမှုမရှိဘဲ နားလည်မှုနဲ့ ဆက်လက်သွားလာနေတဲ့အတွက် ဒီတခေါက်မှာတော့ လုံးဝပိတ်ပင်လိုက်ပြီး မလိုက်နာရင်လည်း အရေးယူသွားမယ်လို့ သိရပါတယ်။
ဝေဝေ