တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ မြောက်ကိုရီးယားနယ်စပ်အနီး ဖိုချွန်းမှာ ပူးတွဲတိုက်ခိုက်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ရန်သူရဲ့ ရန်လိုတကြီးရှိမှုကို တုံ့ပြန်ဖို့ အဆင်သင့်ပဲလို့ တောင်ကိုရီးယားစစ်တပ်က ဇန်နဝါရီ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ သံချပ်ကာ ခြေလျင်တိုက်ခိုက်ရေး တပ်မဟာနဲ့ အမေရိကန်ကြည်းတပ် သံချပ်ကာတိုက်ခိုက်ရေး စထရိုက်ကာ တပ်မဟာတို့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ လက်နက်ကြီးတွေလည်း ပါဝင်ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဒီဇင်ဘာ ၂၉ ရက်က စတင်ခဲ့တာဖြစ်ပြီး သီတင်းတပတ်ကျော်ကြာ ပြုလုပ်ခဲ့ပြီးတော့ ကြာသပတေးနေ့မှာ ပြီးဆုံးခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားသမ္မတနိုင်ငံ ROK နဲ့ အမေရိကန်တို့ အတူတူ စစ်ရေးလေ့ကျင့်ဖို့ အခွင့်ကောင်းရရှိခဲ့ပြီး ဒါဟာ ကိုရီးယားကိုရောက်လာရင် အမေရိကန်စစ်သားတွေ မျှော်လင့်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အမျိုးအစား အတိအကျပဲလို့ အမေရိကန် စထရိုက်ကာ တပ်မဟာရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထရားဗစ် စတဲလ်ဖောက်စ်က ပြောပါတယ်။
တောင်ကိုရီးယားရဲ့ အမှတ် ၈၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချိုဆုန်းဂျယ်ကလည်း ဒီလေ့ကျင့်မှုကနေတဆင့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်တိုက်တဲ့ အနေအထားကို ထူထောင်နိုင်ခဲ့ပြီး ရန်သူက ရန်စ,ရန်ဆွ လာတဲ့အခါ ရန်သူကို ချက်ချင်း ပြင်းပြင်းထန်ထန် အဆုံးထိ ဒဏ်ပေးလိုက်နိုင်မှာဖြစ်ပြီးတော့ အအေးဒဏ်ထဲမှာတောင် အမြင့်ဆုံး တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောဆိုပါတယ်။
ပြုံယမ်းဟာ တောင်ပိုင်းနဲ့ ပစိဖိတ်ဒေသရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ နည်းဗျူဟာမြောက် လက်နက်တွေကို စမ်းသပ်ပစ်လွှတ်မှုတွေ လုပ်ခဲ့တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်မှာ မဟာမိတ်တွေကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပမာဏနဲ့ အားထည့်မှုတွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့တာပါ။
ပြုံယမ်းကတော့ ဒေသကို နျူးကလီးယားစစ်ပွဲရဲ့ အထွတ်အထိပ်ကို တွန်းပို့နေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေအတွက် မဟာမိတ်တွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
Source/Photo-Reuters