လွန်ခဲ့တဲ့နှစ်ရက်က ဓားနဲ့အထိုးခံခဲ့ရတဲ့ တောင်ကိုရီးယားအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင်ဟာ လည်ပင်းသွေးပြန်ကြော ခွဲစိတ်မှု ခံယူခဲ့ရပြီးတဲ့နောက် အထူးကြပ်မတ်ကုသဆောင် (ICU) ကနေ ရွှေ့ပြောင်းလိုက်ပြီ ဖြစ်တယ်လို့ ခွဲစိတ်မှု ပြုလုပ်ပေးတဲ့ ဆရာဝန်တဦးက ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။
လည်ပင်းသွေးပြန်ကြော ပြန်လည်ပြုပြင်တာက ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တရပ် ဖြစ်သလို ခွဲစိတ်မှု နောက်ဆက်တွဲ ပြဿနာတွေလည်း ရှိနိုင်တာကြောင့် လီကို ဆက်လက်စောင့်ကြည့်ဖို့ လိုနေသေးတယ်လို့ ပါမောက္ခ မင်ဆန်ကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လီဟာ ဘူဆန်မြို့မှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံစဉ် အသက် ၆၀ အရွယ် လူတဦးက ဓားမြှောင်နဲ့ ထိုးခဲ့တာဖြစ်ပါတယ်။
ဒီကျူးလွန်သူကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး ရဲလက်မှာ ထိန်းသိမ်းထားပါတယ်။
ခပ်မာမာထန်ထန်ပြောတတ်တဲ့ ပြုပြင်ပြောင်းလဲရေးသမား ရှေ့နေတဦးလည်းဖြစ်တဲ့ လီဂျေမြောင်ရဲ့ လစ်ဘရယ်ဝါဒီ ဒီမိုကရက်တစ်ပါတီဟာ လက်ရှိလွှတ်တော်မှာ လူများစုဖြစ်သလို လာမယ့် ဇန်နဝါရီ ရွေးကောက်ပွဲမှာလည်း လူများစုနေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
သမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ ကွန်ဆာဗေးတစ်ဝါဒီ ပြည်သူ့အာဏာပါတီကတော့ လွှတ်တော်မှာ လူနည်းစုသာ ရထားပါတယ်။
Source/Photo-Reuters