စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီး(ပျူစောထီး)ရွာက စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့တကွ ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ ထံ အလင်းဝင်ရောက်လာတယ်လို့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားက အင်းမထီးရွာကနေ အလံဖြူထောင်ပြီး စစ်ဆင်ရေးနယ်မြေအတွင်းက ကာကွယ်ရေးရဲဘော်တွေဆီ ရောက်ရှိလာတာ ဖြစ်ပါတယ်။
အလင်းဝင်လာသူဟာ ပုလဲမြို့နယ် အင်မထီးရွာမှာ တပ်စွဲထားတဲ့ နမခ အခြေစိုက် အဆရ အမှတ် ၁၂ တပ်ရင်းမှ တပ်သားရဲနိုင်ဖြိုး ဖြစ်တယ်လို့ သိရပါတယ်။
တပ်သားရဲနိုင်ဖြိုးဟာ ဧရာဝတီတိုင်းဇာတိဖြစ်ပြီး စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်တာ ၆ နှစ်ရှိပြီလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်သား ရဲနိုင်ဖြိုးနဲ့အတူ MA 11 တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၆၁ တောင့် ပါရှိလာပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ က ဆုငွေကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ တာဝန်ရှိသူက “အင်မထီးအရှေ့ဘက်က ကျနော်တို့ရဲဘော် ကင်းသမားတွေရှိတာကို သူက အင်မထီးရွာဘက်ကနေ အလံဖြူထောင်ပြီး ထွက်လာတာပေါ့။ ရဲဘော်တွေက သူနဲ့ စကားဘာညာပြောပြီး ခေါ်လာခဲ့တာပေါ့။ အင်မထီးကတော့ ကျပ်တာတော့ ကျပ်တယ်။ သူကလည်း ဘယ်လိုမှ အဆင်မပြေတော့လို့ တောလည်သွားသလို ကင်းပတ်သလိုနဲ့ လက်နက်ယူပြီး တခါတည်းထွက်ခဲ့တာလို့ ပြောတယ်” လို့ ပြောပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဘေးကင်းလုံခြုံရာနေရာကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။