ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၃ ရက် မနက် ၇ နာရီခွဲလောက်မှာ MDY PDF နဲ့ TNLA ပူးပေါင်းတပ်တို့ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက သတင်းထုတ်ပြန်ပါတယ်။
သံဘိုကျေးရွာကို ဇန်နဝါရီ ၂ ရက်က စတင် စီးနင်းတိုက်ခိုက်ခဲ့ကာ ဇန်နဝါရီ ၃ ရက် မနက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းမှူး တဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က "ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားမှာဖြစ်ပါတယ်။ MDY PDFနဲ့ TNLA တပ်ဘက်ကလည်း ဒီတိုက်ပွဲမှာ ပေးဆပ်မှုတချို့၊ ထိခိုက်သေဆုံးမှုတချို့ရှိခဲ့ပါတယ်" လို့ ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကနေ Drone Jammer စက်အကြီးတွေနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
သံဘိုကျေးရွာ တပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ဒု ဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိခဲ့ပြီး ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ ၁ ဦးကို ပထမဆုံးအကြိမ်အဖြစ် လက်ရ ဖမ်းဆီးရမိခဲ့တာလို့ NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ဒုဗိုလ်မှူးကြီး သက်အောင်ဟာ DSTA အမှတ်စဉ် ၄ ကျောင်းဆင်း ဖြစ်ပြီး ဖမ်းဆီးမခံရခင်အထိ တပ်မတော်နည်းပညာတက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သံဘိုကျေးရွာတပ်စခန်းဟာ စစ်တက္ကသိုလ်တွေတည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်သာ ကွာဝေးတဲ့နေရာရှိ စခန်းတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
မနေ့ နေ့လယ် ၂ နာရီခွဲလောက်ကလည်း ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား ၃ စီးနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအဖွဲ့တွေက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။