စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်း ၈ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ဇန်နဝါရီ ၄ ရက် ဒီမနက် ၄ နာရီခွဲကနေ ၅ နာရီခွဲ ကြား ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနဲ့ စစ်ကောင်စီ စခန်းအနီးအနားမှာ လုံခြုံရေးယူထားတဲ့ ကာကင်းစခန်းတွေနဲ့ သူတို့အတွက် ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ တံတားတခုအပါအဝင် စခန်း ၈ ခုကို ရှင်း လင်းခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ကာကင်းစခန်း ၈ ခုကတော့ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့ အနီး တောင်ဂုန်းတဲရွာအနီးက သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီး ကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်းနဲ့ ကညွတ်ကွင်းနဲ့ တောကျွဲအင်းကြားက တံတားကင်းစခန်းတွေ ဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုစာရင်းတွေကိုတော့ စစ်ဆေးအတည်ပြုနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။