မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်တပ်က ဇန်နဝါရီ ၃ ရက် ညနေက အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးအား စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကို ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့နယ်၊ ကိုးနဝင်းဘုရားလမ်း၊ နယ်မြေ ၁၀ (က)၊ ဘင်လှိုင် ရပ်ကွက်မှာ နေတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်ချောစုကို PDF၊ NUG၊ CRPH စတဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်၊ အားပေးကူညီ ထောက်ပံ့နေတယ် စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
ဒေါ်ချောစုကို ဖမ်းဆီးသွားပြီး သူမနေတဲ့ အလျား ၂၅ ပေခန့်၊ အနံ ၆၀ ပေခန့်ရှိတဲ့ အုတ်ခံ၊ ပျဉ်ကာသွပ်မိုး ၂ ထပ် နေအိမ်ကိုလည်း နိုင်ငံတော်ပိုင်အဖြစ် ချိပ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
နီးစပ်သူတဦးက ''မနေ့က အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားတာ။ စစ်သားတွေကြီးပဲ။ အဖမ်းခံရတဲ့ အမျိုးသမီးက အလှပြင်တဲ့ အလုပ်လုပ်နေတဲ့သူပါ။ အိမ်ကိုပါ တခါတည်း ချိပ်ပိတ်သွားတာ” လို့ ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ အမျိုးသမီးကို သထုံမြို့နယ်ရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ၁ လအတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ မွေးမြူရေး လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင် လုပ်ငန်းရှင်တွေနဲ့ ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ နေအိမ် ၁၁ လုံးလည်း အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်တယ်လို့ စွပ်စွဲကာ စစ်တပ်က ချိပ်ပိတ်ခဲ့ပါတယ်။