Home
မြန်မာသတင်း
ရွေးကောက်ပွဲက ထွက်ပေါ်လာသည့်အစိုးရကို အာဏာလွှဲမည်ဟု စစ်ခေါင်းဆောင် ထပ်ပြော
DVB
·
January 4, 2024
Min-Aung-Hlaing_06122023

စည်းစနစ်ကျတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာ မှာ စစ်ခေါင်းဆောင်က ပြောကြားလိုက်တာဖြစ်ဖြစ်ပြီး စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်း ပြည်ပ မဲစာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးနိုင်ရေးနဲ့ တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး  ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီး မဲဆန္ဒရှင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ဖို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကစတင်ကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လုပ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ရရှိလာပါက ဥပဒေနဲ့အညီ လွတ်လပ်၍ တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိစေရေးဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။ 

စစ်ခေါင်းဆောင်ဟာ အာဏာစသိမ်းချိန်ကတည်းက ၁ နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အစိုးရကို အာဏာလွှဲအပ်နိုင်ပေးမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပေမဲ့ အခု ၃ နှစ်နီးပါးကြာလာတဲ့တိုင်အောင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘဲ အရေးပေါ်အခြေအနေ ကြေညာထားတာကို အကြိမ်ကြိမ် သက်တမ်းထပ်တိုးနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013