ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ ၄၀,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေထဲက နတ်သံကွင်းမြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နတ်သံကွင်း-ပဲနွယ်ကုန်းမြို့ကြားက နရွဲပင်နဲ့ အုန္နဲပင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီတပ်ဘက်က အထိနာပြီး အင်အားဖြည့်တင်းနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ၄၀,၀၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “အခြေအနေကတော့ တင်းမာနေတုန်းပဲ။ နတ်သံကွင်း-ပဲနွယ်ကုန်းမြို့ကြားက အခြေအနေ တော်တော်လေးဆိုးတယ်။ တမနက်လုံး ထုတယ်။ လေယာဉ်ပစ်ခတ်မှုက မနက်တုန်းက ထိန်တောတို့ နရွဲပင်ဘက်ခြမ်းမှာ ၁ ကြိမ် လာပစ်သွားတယ်။ စစ်ကောင်စီက အင်အားလည်းတိုးတယ်။ လေကြောင်းလည်း နေ့တိုင်းလိုလို လာပစ်တယ်။ အနီးအနားက ဒေသခံ လေးသောင်းနီးပါးက ပြေးနေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပြည်သူတဦး “လေကြောင်းကတော့ နေ့တိုင်း လာပစ်တယ်။ ဂျက်ဖိုက်တာနဲ့ကော ရဟတ်ယာဉ်ကော လာပစ်တယ်။ တိမ်းရှောင်နေရတဲ့အထဲမှာ နတ်သံကွင်းက အများဆုံးပဲ။ တချို့က မဖြစ်ခင်တည်းက ကြိုရှောင်တဲ့သူတွေ အများကြီးပဲ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက် မနက် ၁၀ နာရီခွဲလောက်က နတ်သံကွင်းမြို့အတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်နဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တဲ့အပြင် မွန်းလွဲ ၁ နာရီလောက်မှာ ထပ်မံပြီး ဗုံး ၃ လုံး ကြဲချခဲ့ပါတယ်။
ဒါ့အပြင် မနက် ၁၁ နာရီလောက်ကလည်း ပဲနွယ်ကုန်းမြို့အနီးက သဲကောရွာအနီးတဝိုက်ကို ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် တံခွန်တိုင်ရွာက မိသားစုဝင် ၅ ယောက် နေထိုင်တဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဇနီးဖြစ်သူ သေဆုံးကာ ဖခင်အပါအဝင် အသက် ၁၀ နှစ်အောက်အရွယ် သမီး ၃ ယောက် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ကစတင်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတာကြောင့် ထိခိုက်ကျဆုံးမှုတွေကို အတည်ပြုနိုင်ဖို့ တပ်မဟာ ၃ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ထိခိုက်သေဆုံးသူ၊ နေအိမ်ထိခိုက်ပျက်စီးမှု အရေအတွက် အတိအကျကို စာရင်းကောက်ယူလို့ မရသေးဘူးလို့ KNU က ထုတ်ပြန်ထားပါတယ်။
အောင်ခန့်