ပင်လယ်နီကို ဝင်ရောက်နိုင်တဲ့ အဓိကဆိပ်ကမ်းကို အသုံးပြုခွင့်ပေးဖို့ အီသီယိုးပီးယားအစိုးရနဲ့ ဆိုမာလီလန်းခွဲထွက်ဒေသအစိုးတို့အကြား လက်မှတ်ရေးထိုးထားတဲ့ MOU သဘောတူစာချုပ်ကို ဆိုမာလီယာအစိုးရက ဇန်နဝါရီ ၂ ရက်မှာ အပြင်းအထန် ကန့်ကွက် ပယ်ချလိုက်ပါတယ်။
ဆိုမာလီယာနိုင်ငံမြောက်ပိုင်းက ခွဲထွက်ဒေသဖြစ်တဲ့ ဆိုမာလီလန်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာကာ အုပ်ချုပ်နေတဲ့ ဆိုမာလီလန်းခေါင်းဆောင် မူဆက်ဘီဟီအဘဒီနဲ့ အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်ဒ်တို့ ဇန်နဝါရီ ၁ ရက်နေ့က MOU သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဒီသဘောတူညီချက်အရ အီသီယိုပီးယားအနေနဲ့ ပင်လယ်နီကို ဝင်ရောက်နိုင်တဲ့ အဓိကဆိပ်ကမ်းကို အသုံးပြုခွင့်ရမှာဖြစ်ပြီး ဒါဟာ နှစ်နိုင်ငံအတွက် အရေးပါတဲ့ သံတမန်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်ဖြစ်တယ်လို့ ဆိုမာလီလန်းအစိုးရ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဆိုမာလီယာအစိုးရကတော့ ဒီသဘောတူညီချက်ဟာ တရားမဝင်လုပ်ရပ်လို့တုံ့ပြန် ပြောကြားလိုက်ပြီး ဆိုမာလီယာပိုင်မြေကို တစိတ်တပိုင်း ဖဲ့ပေးပိုင်ခွင့် ဘယ်သူ့မှာမှ အခွင့်အာဏာ မရှိဘူးလို့ အရေးပေါ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ဆိုမာလီသမ္မတ ဟာဆန်ရှိတ် မိုဟာမွတ်က လွှတ်တော်မှာ ပြောကြားသွားပါတယ်။
အီသီယိုးပီးယားနဲ့ ဆိုမာလီလန်းတို့ကြား သဘောတူညီချက်ဟာ ဆိုမာလီယာရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ပြောင်ပြောင်တင်းတင်း စွက်ဖက်မှု ဖြစ်ပြီး အဲဒီသဘောတူညီချက် ပျက်ပြယ်သွားပြီလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့အနေနဲ့ ဆိုမာလီယာအစိုးရက သူ့ရဲ့ အီသီယိုးပီးယားနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
Source/Photo-Reuters