အိန္ဒိယ-မြန်မာနယ်စပ်နားမှာ နေထိုင်သူတွေ ဗီဇာမလိုဘဲ ၁၀ မိုင်နီးပါးအထိ တနိုင်ငံနဲ့တနိုင်ငံ ဝင်ထွက်သွားလာခွင့်ကို အိန္ဒိယဘက်က ပိတ်ပင်ဖို့ စီစဉ်နေပြီး ခြံစည်းရိုးကာသွားမယ်လို့ အစိုးရသတင်းအရင်းအမြစ်ကို ကိုးကားပြီး ဇန်နဝါရီ ၃ ရက် ဒီကနေ့ Hindustan Times မှာ ဖော်ပြထားပါတယ်။
အိန္ဒိယဘက်ခြမ်းမှာ သောင်းကျန်းသူအဖွဲ့တွေက တိုက်ခိုက်ပြီး FMR ကို အသုံးပြုကာ မြန်မာနိုင်ငံအတွင်း ထွက်ပြေးနေတာကို တားဆီးဖို့နဲ့ မူးယစ်ဆေးဝါး၊ ရွှေမှောင်ခိုကွန်ရက်တွေကို ရပ်တန့်စေဖို့အတွက် နယ်စပ်တလျှောက် လွတ်လပ်စွာ သွားလာခွင့် (FMR) ပိတ်သိမ်းဖို့ စီစဉ်နေတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်စည်းမျဉ်း မိုင် ၁,၂၀၀ ကျော် ထိစပ်နေတဲ့ မီဇိုရမ်၊ မဏိပူရ၊ နာဂါလန်နဲ့ အာရွန်ချယ်ပရာဒက် ပြည်နယ်တွေဟာ လက်ရှိမှာ လွတ်လပ်စွာသွားလာခွင့် (FMR) နဲ့ နယ်စပ်ကူးသန်းခွင့် ရရှိထားပါတယ်။
လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) အရ သက်တမ်းတနှစ်ရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကို လုပ်ထားခြင်းဖြင့် အိန္ဒိယ-မြန်မာနယ်စပ် ၁၀ မိုင်နီးပါးအတွင်း လွတ်လပ်စွာ သွားလာခွင့်ရပြီး တကြိမ်ကို နှစ်ပတ် နေနိုင်ပါတယ်။
အိန္ဒိယအကြီးတန်းအရာရှိတဦးက “အိန္ဒိယ-မြန်မာနယ်စပ်က FMR ကို မကြာခင် ရပ်ဆိုင်းတော့မယ်။ လုပ်ထုံးလုပ်နည်းများ အဆုံးသတ်ပြီးတာနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးသွားမှာပါ။ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ကို လေးနှစ်ခွဲနဲ့အပြီး ခြံစည်းရိုးခတ်သွားမှာပါ။ ဘယ်ဘက်ကနေ ဘယ်ဘက်ကိုပဲ ဖြတ်သန်းဖြတ်သန်း ပတ်စ်ပို့နဲ့ ဗီဇာလျှောက်ရမှာပါ” လို့ ပြောပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများနဲ့ အိန္ဒိယတို့က ဒေသတွင်း စီးပွားရေး မြှင့်တင်ဖို့အတွက် နယ်စပ်တလျှောက် လွတ်လပ်စွာသွားလာခွင့် (FMR) ကို ၂၀၁၈ မှာ အကောင်အထည် ဖော်ခဲ့ပါတယ်။