Home
မြန်မာသတင်း
ထိုင်းတွင် MOU မြန်မာလုပ်သား ၅၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ
DVB
·
January 3, 2024
MyanmarWorkers_03012024

ထိုင်း-လာအိုနယ်စပ် နကော့ဖနွန်မြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၁ ဦးဟာ လုပ်အားခမရရှိတာ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ လုပ်အားခနှစ်ဆမရရှိတာနဲ့ ‌နေထိုင်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရရှိတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

နကော့ဖနွန်မြို့ရှိ ‌ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာအလုပ်သမား ၅၁ ဦးဟာ မြန်မာနိုင်ငံက Zin Htun Win 999 ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ အလုပ်စဝင်ခဲ့ပါတယ်။

အလုပ်ဝင်ပြီး ၁ လကျော်ကြာတဲ့အထိ အလုပ်သမား ၅၁ ဦးဟာ အိမ်သာတလုံးတည်းကို မျှသုံးရတာ၊ နေရာထိုင်ခင်း လုံခြုံမှုမရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ ပိတ်ရက်နဲ့ တနင်္ဂနွေနေ့တွေမှာ လုပ်အားခနှစ်ဆ မရရှိတာ၊ အိုတီကြေးမမှန်တာ၊ လုပ်ငန်းခွင်အတွင်း ဦးထုပ်၊ ဖိနပ်၊ လက်အိတ်၊ အင်္ကျီ မထုတ်ပေးတာ၊ လုပ်အားခမမှန်တာနဲ့ လုပ်အားခတောင်း‌ရင် မြန်မာပြည်ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတဦးက “သူတို့က ညီမတို့ကို ကန်ချနာဘူရီက ကုမ္ပဏီကြီးကို ပို့ပေးမယ်ဆိုပြီး အခုတော့ လာအိုနယ်စပ်က ဖိုးလက်မောင်းစောင့်ကိုသာ ပို့ပေးတာ။ အလုပ်လုပ်တာ ၂ လပြည့်တော့မှာကို တလစာလောက်ပဲ ရသေးတာ။ နောက်ပြီးတော့ အလုပ်မှာ ခံစားခွင့်လည်း မရှိသလို နေရတဲ့နေရာကလည်း အဆင်မပြေဘူး။ လုံခြုံမှုမရှိတဲ့‌နေရာမှာ ထားထားသလို အိမ်သာကလည်း လူ ၅၀ ကျော်ကို တလုံးတည်းရှိတာ။ ဒီနေ့အလုပ်မဆင်းဘူးပြောတာ သူဌေးက ရဲခေါ်ပြီး မြန်မာပြည်ပြန်ပို့မယ်လို့ ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

အခွင့်‌အရေး ချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက ဖြေရှင်းပေးဖို့ အေဂျင်စီကို တောင်းဆို‌ခဲ့ပေမဲ့ မဖြေရှင်းပေးတာကြောင့် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ အကူအညီ တောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အလုပ်သမားတွေ အကူအညီတောင်းတဲ့အတွက် ကျနော်တို့က အေဂျင်စီကို ချိတ်ဆက်ပြီးတော့ အလုပ်သမားတွေအတွက် လုပ်အားခနဲ့ ကျန်အော် (အလုပ်‌ပြောင်းခွင့်စာရွက်) တို့ကို တောင်းခံထားတယ်။ အေဂျင်စီက အကြောင်းမပြန်တာတွေ ရှိလို့ သက်ဆိုင်ရာရုံးတွေ အာဏာပိုင်တွေကို တိုင်ကြားထားပါတယ်” လို့ ပြောပါတယ်။

မြန်မာပြည်ကနေ တရားဝင်စနစ် MOU နဲ့ လာရောက်ကြတဲ့ အလုပ်သမားအများစုဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရပေမဲ့ မြန်မာအလုပ်သမားသံရုံးက ဖြေရှင်းပေးခြင်း မရှိတဲ့အပြင် စည်းမျဉ်းစည်းကမ်း ခဏခဏ ချိုးဖောက်နေတဲ့ အေဂျင်စီတွေကိုလည်း အရေးယူတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

Zin Htun Win 999 ကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့က အလုပ်သမားတွေကို တရားဝင်ပို့ထားတဲ့အတွက် တရားဝင် သံအရာရှိတွေကိုလည်း ဖြစ်ကြောင်းအကုန် ပြောပြပြီးသွားပြီ။ အလုပ်သမားတွေပြောတဲ့ စကားတခွန်းပဲ လက်ခံပေးလို့မရဘူး။ ဘယ်လိုကြောင့် ဘယ်လိုကြောင့် ဖြစ်တဲ့အဖြေကို သိပြီးမှ အစ်ကိုတို့က ဆုံးဖြတ်ရတာ။ ကျနော့်အေဂျင်စီက ပို့ထားတဲ့အတွက် သက်ဆိုင်ရာ တရားဝင်အစိုးရရဲ့ သံအရာရှိများနဲ့ ညှိနှိုင်းပြီး ကျနော်တို့က ဖြေရှင်းပေးသွားမှာပါ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်းပူလီခရိုင်၊ လယောင်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာလည်း ဒီဇင်ဘာအစက မြန်မာအလုပ်သမား ၂၉ ယောက် အလုပ်ပုံမှန်မဆင်းရတာ၊ စာရွက်စာတမ်းနဲ့ ဘဏ်ကတ် အသိမ်းခံရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024