မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးကွက်သစ်မြောက်ပိုင်းက နေအိမ်တခုရဲ့ ဖဲဝိုင်းမှာ ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗေဒါလမ်းက ကြွက်ဆင်ရဲ့ နေအိမ်မှာ ဖဲကစားစဉ် အောင်ဆန်းဦး (၂၄နှစ်) ကစားတဲ့ ဖဲရွက်တွေကို ရွာကြီးကွက်သစ်ပိုင်းနေ ချစ်ဝင်း (၄၀နှစ်) က ဆွဲယူလွှင့်ပစ်ရာက လူသတ်မှု ဖြစ်ခဲ့တယ်လို့ ရွာကြီးမြောက်ပိုင်းနေသူတဦးက ပြောပါတယ်။
"သူတို့ ၂ ယောက်လုံး ကြွက်ဆင်အိမ်ပေါ်မှာ ဖဲဆော့နေကြရင်း စကားများပြီး လမ်းပေါ်ထိ ဆင်းလာပြီး ထိုးနေကြတာ။ ချစ်ဝင်းကတော့ အရက်မူးနေလို့ လမ်းပေါ်မှာ လဲကျသွားတော့ အောင်ဆန်းဦးက သူအိမ်က ဓားရှည် ပြေးယူပြီး ခုတ်သတ်လိုက်တာ။"
ဓားနဲ့ ခုတ်ခံရတဲ့ ချစ်ဝင်းဟာ ဝဲဘက်နဖူး ပြတ်ရှဒဏ်ရာ ၃ ချက်၊ ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၁ ချက်၊ မေးစေ့ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာပါးပြတ်ရှဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။
ချစ်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ဓားကိုင်ခုတ်သတ်ခဲ့သူ အောင်ဆန်းဦးကို ဘီးလင်းမြို့နယ်ရဲစခန်း က ရာဇသတ်ကြီးပုဒ်မ-၃၀၂ ၊ အမှုကြီး အမှတ်စဉ်(၁/၂၀၂၄)အရ အမှုဖွင့်ဖမ်းဆီးထားပါတယ်။