ကချင်ပြည်နယ်၊ လိုင်ဇာအထက်နားက ပါဂျောင်၊ နာဖော့တပ်စခန်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ လာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဇန်နဝါရီ ၃ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးကနေ သိရပါတယ်။
ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ နမ်းပန်တောင် ပတ်ဝန်းကျင်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လိုင်ဇာပတ်ဝန်းကျင်မှ ဒေသခံတဦးက ပြောပါတယ်။
“နမ်းပန်ဘွမ်ဘက်မှာ ကျတာတဲ့၊ ပါဂျောင် နာဖောဘက်က သူတို့(စကစ) တပ်တွေကို ပစ္စည်းလာပို့တာလို့ ပြောတယ်။”
ပါဂျောင် နာဖော့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်တွေ လာရောက်ပို့ဆောင်တဲ့ ရဟတ်ယာဉ် နှစ်စီးထဲက တစီး ပစ်ချခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရတာနဲ့ ပတ်သက်ပြီး အတည်ပြုဖို့အတွက် KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို အဆက်အသွယ်ရဖို့ ဒီဗွီဘီအနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ရဟတ်ယာဉ်ပျက်ကျတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။