ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဟာနဲဒါလေဆိပ်မှာ လေယာဉ် ၂ စီး တိုက်မိလို့ မီးလောင်မှုဖြစ်ပြီး လူ ၅ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အမိန့်ပေးထားပါတယ်။
ဟာနဲဒါလေဆိပ်မှာ ဇန်နဝါရီ ၂ ရက်က လူ ၃၇၉ ဦး လိုက်ပါလာတဲ့ ဂျပန်လေကြောင်းလိုင်း (JAL) က ခရီးသည်တင် ဂျက်လေယာဉ်နဲ့ လူ ၆ ဦး လိုက်ပါလာတဲ့ ကမ်းရိုးတန်းစောင့် လေယာဉ်တို့ မြေပြင်မှာ တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကမ်းရိုးတန်းစောင့် လေယာဉ်ပေါ်က ၅ ဦး သေဆုံးသွားပြီး လေယာဉ်မှူး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ကာ ဂျပန်လေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေ အားလုံးကတော့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။
လေယာဉ် ၂ စင်း တိုက်မိပြီးနောက်မှာ လေယာဉ် ၂ စီးစလုံး ပြေးလမ်းပေါ်မှာ မီးလောင်ကျွမ်းခဲ့ပြီး ဂျပန်လေကြောင်းလိုင်းက ဂျက်လေယာဉ်ကတော့ တစီးလုံး မီးလောင်ပြာကျသွားခဲ့ကာ မီးသတ်သမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုက အရာမထင် ဖြစ်သွားခဲ့ရပါတယ်။
မီးလောင်မှုဟာ ၆ နာရီကျော်ကြာ လောင်ကျွမ်းခဲ့ပြီးနောက် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်ပြီးချိန်မှ မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်ဌာနကို ကိုးကားပြီး TBS သတင်းဌာနက ဖော်ပြပါတယ်။
ဘွန်ဘာဒီယား ဒက်ရှ်-၈ အမျိုးအစား လေယာဉ် MA-722 ဟာ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ဒဏ်သင့်ဒေသကို ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ပြီး နိအိဂတာစီရင်စုရှိ အခြေစိုက်စခန်းတခုကို သွားရောက်ပို့ဆောင်မယ့် လေယာဉ် ဖြစ်တယ်လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လေယာဉ် ၂ စင်း တိုက်မိချိန်မှာ ကမ်းရိုးတန်းစောင့်လေယာဉ်က ပြေးလမ်းပေါ်မှာ ရွေ့လျားသွားနေချိန်ဖြစ်ပြီး ခရီးသည်တင် ဂျက်လေယာဉ်ကလည်း သူ့ပုံမှန်အတိုင်း ဆင်းသက်ဖို့ ကြိုးပမ်းနေချိန်ဖြစ်ကြောင်း ဝန်ကြီးဌာန အရာရှိတဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ခရီးသည်တင် ဂျက်လေယာဉ်ကတော့ ဟော့ကိုင်းဒိုးစီရင်စုရှိ နယူးချီတိုဆေ လေဆိပ်မှ ဟာနဲဒါလေဆိပ်ကို ပျံသန်းလာတဲ့ Airbus A-350 အမျိုးအစား ဂျပန်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် 516 ဖြစ်ပါတယ်။
ဒီလေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၃၆၇ ဦးနဲ့ အမှုထမ်း ၁၂ ဦး စုစုပေါင်း လူ ၃၇၉ ဦးစလုံးကို အရေးပေါ်လျှောနဲ့ ဘေးကင်းကင်း ကယ်ထုတ်နိုင်ခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
လေယာဉ်တိုက်မှုကြောင့် ဟာနဲဒါလေဆိပ်မှာ ပြေးလမ်းတွေအားလုံးကို ပိတ်ထားလိုက်ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters