ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ (၂)၊ ထန်းတပင်မြို့နယ် ဖလေးဆာလိုနဲ့ ကလောမီဒဲကျေးရွာတွေရှိ တပ်စခန်း ၂ ခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ စွန့်ခွာထွက်ပြေးသွားလို့ စခန်းကို ရှင်းလင်း မီးရှို့ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ထန်းတပင်မြို့နယ် မိုနေပွာကျေးရွာအုပ်စု၊ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေမှာ တပ်စွဲထားတဲ့ စကခ (၂၀) အောက် ခမရ−၅၈၁ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ စွန့်ခွာထွက်ပြေးသွားခဲ့သလို ကလောမီဒဲကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ−၅၈၁ တပ်စခန်းက တပ်ဖွဲ့ဝင်တွေလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ စွန့်ခွာထွက်ပြေးသွားလို့ ကေအန်အယ်လ်အေက အဆိုပါစခန်းတွေကို ရှင်းလင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဖော်ပြပါတယ်။
အဆိုပါတပ်စခန်း ၂ ခုကို ကေအန်အယ်လ်အေတပ်တွေက ရိက္ခာလမ်းကြောင်းတွေ လနဲ့ချီပြီး ဖြတ်တောက်ထားတဲ့အတွက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေ ဒုက္ခများစွာ ခံစားရပြီး နောက်ဆုံးမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားရတာလို့ ဆိုပါတယ်။
ကရင်လက်နက်ကိုင်တပ်တွေက စခန်းကို ဝင်ရောက် ရှင်းလင်းချိန်မှာ ဖလေးဆာလို တပ်စခန်းအတွင်းကနေ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
အဆိုပါစခန်းတွေဟာ ၁၉၇၅ ခုနှစ်က ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီးနောက် ၁၉၇၉ ခုနှစ်မှာ ဆုတ်ခွာသွားခဲ့ကာ ဒုတိယအကြိမ် ၂၀၀၆ ခုနှစ်မှာ စစ်ကောင်စီတပ် တပ်မ (၆၆) က ဦးဆောင်ပြီး တောင်ငူ(တောဦး)ခရိုင်အတွင်း နေထိုင်သော ကရင်လက်နက်ကိုင်တွေကို “မြေလှန်စနစ်”နဲ့ ရှင်းလင်းဖို့ စစ်ဆင်ရေးအတွင်း ဝင်ရောက်ကျူးကျော်လာတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။