မန္တလေးတိုင်း၊ မတ္တရာမြို့ကနေ ဆင်းလာတဲ့ စစ်တပ်က တောပုရွာဘုန်းကြီးကျောင်းမှာ အထိုင်ချပြီး လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂ ရက် နေ့လယ် ၁ နာရီလောက်မှာ မတ္တရာမြို့ပေါ်ကနေ စစ်ကား ၄ စီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက တောပုရွာဘုန်းကြီးကျောင်းကနေ လက်နက်ကြီး ၊လက်နက်ငယ်တွေ နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
လက်နက်ငယ်ထိမှန်လို့ တောပုရွာက အသက် ၅၀ အရွယ်အမျိုးသမီး တယောက် ရင်ဘတ်နဲ့ လက်မောင်းထိမှန်ခဲ့ပြီး ဆင်ကုန်းရွာက အသက် ၇ နှစ်အရွယ် ကလေး တယောက်လည်း လက်နက်ကြီးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တောပုရွာကပြည်သူတွေကို ဘုန်းကြီးကျောင်းဝင်းမှာ စုထိုင်ခိုင်းကာ ရွာသားတွေရဲ့ နေအိမ်က အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီတပ်က ခိုးယူပြီး တောပုရွာက အသက် ၁၈ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒေသခံ ကိုနဂါးလေးက “တောပုရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စုထိုင်ခိုင်းပြီး ဖုန်းတွေစစ်တယ်၊ အသက် ၁၈ နှစ်အရွယ်ကလေးကို မသင်္ကာလို့ ရိုက်နှက်တယ်၊ အဲ့ကလေးကို မျက်နှာအုပ်ပြီးတော့မှ မတ္တရာဘက်ကို ကြိုးနဲ့တုပ်ပြီး ခေါ်သွားတယ်။ သူတို့ပြန်တဲ့အခါ တောပုရွာက ရွှေ၊ ငွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေနဲ့ Light truck ကားတစ်စီးခိုးသွားပြီး မတ္တရာဘက်ကို ပြန်တက်သွားတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း မတ္တရာမြို့ထဲက စစ်ကောင်စီတပ်သားတွေကို ဥဒိန်ကျေးရွာကို မီးရှို့ခဲ့လို့ လူနေအိမ် ၄၉ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။