တော်လှန်ခရီးရှည်တလျောက် ရဲရဲဝံ့ဝံ့ ချီတက် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ရင်း တိုက်ပွဲဝင် ခရီးနှင်ခဲ့ကြတဲ့ နွေဦးပြည်သူတရပ်လုံးကို လေးစားစွာ ဦးညွှတ်အလေးပြုပါတယ်။
ခရီးကြမ်းကာလ အပြီးသတ်မရောက်ခင် အခက်အခဲ ကသောင်းကနင်းကြားမှာ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပြီး အဆုံးသတ်အောင်ပွဲဆီ အရောက် ခရီးနှင်ကြရဦးမှာ ဖြစ်ပါတယ်။ တော်လှန်ဒီရေလှိုင်း တရိပ်ရိပ်နဲ့အတူ လက်လမ်းမီဆေးပညာကလည်း နွေဦးပြည်သူတို့နဲ့ တသားတည်း အတူပါဝင်လက်တွဲ ဆက်လက်ပါဝင်နေမယ်ဆိုတာ တော်လှန်ကတိသစ္စာ ပြုထားပြီး ဖြစ်ပါတယ်။
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် အရိပ်လည်းရ ဆေးဘက်လည်းဝင် ညောင်ပင် အကြောင်းကို လက်လှမ်းမီဆေးပညာအနေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။
ညောင်ပင်ကို သိပ္ပံအမည် Ficus benghalensis လို့ခေါ်ပြီး အင်္ဂလိပ်လို banyan tree လို့ခေါ်ပါတယ်။ ညောင်ရွက်မှာ Flavonoids၊ terpenoids၊ phenols နဲ့ terpenes တွေပါဝင်ပြီး အခေါက်မှာ Flavonoids၊ terpenoids၊ phenols၊ terpenes၊ quinone၊ furanocoumarin ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။
ညောင်ပင်ရဲ့ အမြစ်မှာ Sterols၊ အမိုင်နိုအက်ဆစ်၊ ဖက်တီးအက်ဆစ်တွေ ပါဝင်ပြီး ညောင်သီးမှာ ဖက်တီးအက်ဆစ် ပါဝင်ပါတယ်။ ညောင်သီးအစေ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့ အပြင် lipid၊ fibre၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မန်းဂနိစ်၊ သံ၊ ခရိုမီယမ်၊ ကြေးနီနဲ့ ဖော့စဖရပ် စတဲ့သတ္တုဓာတ်တွေလည်း ပါ၀င်ပါ တယ်။ ညောင်စေ့ ၁၀၀ ဂရမ်မှာ အာဟာရတန်ဖိုး ၁၃၀ ကယ်လိုရီလောက် ရှိပါတယ်။
ညောင်ပင်မှာ ဝမ်းလျှောတာကို ဆန့်ကျင်ခြင်း၊ သွေးဝမ်းသွားခြင်းကို ကူညီပေးနိုင်ခြင်း၊ ဆီးချိုရောဂါကို သက်သာစေနိုင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ခုခံအားစနစ်ကို မြှင့် တင်ပေးနိုင်ခြင်းနဲ့ သွေးကို သန့်စင်ပေးခြင်း စတဲ့ အစွမ်းအာနိသင်တွေ ပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာမှာ ညောင် ပင်ရဲ့ အရွက်၊ အခေါက်၊ အမြစ်၊ အသီးနဲ့ အစေ့၊ အစေး တို့ကို သုံးစွဲကြပါတယ်။
ညောင်ပင်မှာ ဘက်တီးရီးယားဆန့်ကျင်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောဆန့်ကျင်ခြင်း ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ တခြားအူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ ဖြစ်စေတဲ့ အူတွင်းဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် ညောင်ရွက်မှုန့် ကော်ဖီ ၂ ဇွန်းကို နို့ ဒါမှမဟုတ် ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် အစာအနည်းငယ်စားပြီးနောက် သောက်ပေးနိုင်ပါတယ်။ ညောင်ရွက် သောက်သုံးခြင်းဖြင့် ဝမ်းသွားတဲ့ အကြိမ်ရေကိုလည်း ထိရောက်စွာ လျှော့ချပေးရုံသာမက ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားရှင်းလင်းပေးပါတယ်။
အမျိုးသမီတွေ မီးယပ်အဖြူဆင်းရောဂါအတွက် ညောင်ပင်အခေါက်ကို အခြောက်လှန်း အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် နွားနို့နဲ့ သောက်သုံး ပေးနိုင်ပါတယ်။ ရာသီလာချိန်ကို ပုံမှန်စေရန် ထိန်းညှိပေးတဲ့အပြင် ရာသီလာစဥ် အလွန် အကျွံ ကိုက်ခဲနာကျင်ခြင်းနဲ့ သွေးဆင်းများခြင်းတွေကို လျော့ပါးစေဖို့အတွက်လည်း ကူညီပေး ပါတယ်။
ညောင်ပင်မှာ (hypoglycemic) သွေးတွင်းသကြားဓာတ်ပမာဏကိုလျှော့ချပေးတဲ့ ဂုဏ်သတ္တိ ကြွယ်ဝတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်တွေဟာ ညောင်ပင်အခေါက်မှုန့်ကို သောက်ပေး ခြင်းဖြင့် ကစီဓာတ်ကို ဂလူးကို့စ်အဖြစ်သို့ ပြိုကွဲမှုကို တားဆီးပေးကာ ပန်ကရိယဘီတာ ဆဲလ်တွေက အင်ဆူလင်ဟော်မုန်းထွက်ရှိမှု အားကောင်းလာစေပြီး သွေးတွင်းဂလူးကို့စ် အဆင့်ကို လျော့ကျစေပါတယ်။ သွေးသကြားဓာတ် အနိမ့် အမြင့်ပေါ်မူတည်ပြီး တခါသောက် ကော်ဖီဇွန်း ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ညောင်ပင်ရဲ့ အခေါက်ဟာ သွေးတွင်းမကောင်းတဲ့အဆီကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပြီး ကောင်းတဲ့အဆီပမာဏကို မြင့်မားစွာ ထိန်းသိမ်းထားနိုင်လို့ ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အထောက်အကူပြုပြီး သွေးတိုးကို ထိန်းသိမ်းနိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ သွေးတွင်း အဆီဓာတ်များတာနဲ့ သွေးတိုးရောဂါအတွက် ညောင်ခေါက်မှုန့် ကော်ဖီ ၂ ဇွန်းလောက်ကို အခြေအနေပေါ်မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ညောင်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ပိုးသတ်ဆေးအာနိသင် ပါဝင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အရေပြားထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးခြင်းနဲ့ သွေးထဲမှ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ခြင်း စတဲ့ဂုဏ်သတ္တိတွေ ပါဝင်တဲ့အတွက် အရေပြားပိုးဝင်ခြင်း၊ နှင်းခူ၊ အိုင်းအသားမာနာ၊ ပွေး၊ ဝဲ၊ ဝက်ခြံနဲ့ အစက်အပြောက် အရေးအကြောင်းများကို ကာကွယ်ပေးရုံသာမက အိုမင်းရင့်ရော်ခြင်း လက္ခဏာများကိုလည်း လျှော့ချပေးပါတယ်။ ညောင်ရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အရေပြားပိုးမွှားတွေကို ခုခံတိုက်ဖျက်နိုင်စွမ်းရှိပြီး အရေပြားရောဂါအမျိုးမျိုးမှ ကင်းဝေးစေကာ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
သွားနဲ့ သွားဖုံး ကျန်းမာသန်စွမ်းစေဖို့အတွက် ညောင်ပင်အခေါက်မှုန့်ကို သွားတိုက်ပေးနိုင်ပါတယ်။ သွားဖုံး သွေးယိုခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံးရောင်ခြင်း၊ ခံတွင်းအနာဖြစ်ခြင်းနဲ့ လည်ချောင်းပိုးဝင်ခြင်းတို့အတွက် ညောင်ပင်အခေါက်/အမြစ်ပြုတ်ရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။ အရွက်နုတွေကို ဝါးပေးခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အစေ့တွေကို ဝါးပေးခြင်း၊ သွားတိုက်ပေးခြင်းဟာ ခံတွင်းနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး သဘာဝသွားတိုက်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။
ပင်စည်မှ အစေးကို ထိခိုက်ဒဏ်ရာနဲ့ ရောင်ရမ်းတာတွေမှာ တိုက်ရိုက် လိမ်းပေးတာနဲ့ ရောင်ရမ်းတာကို လျော့ကျစေပြီး အနာကျက်မြန်စေပါတယ်။ မိန်းမကိုယ်ပိုးဝင်တာကို ကုသဖို့ အခေါက်ပြုတ်ရည်ကို အကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပြီး ပြုတ်ရည်နဲ့ ဖန်ဆေးပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း သားအိမ်ကြွက်သားတွေ အားကောင်းစေဖို့ အရွက်နုပြုတ်ရည် အကြမ်းပန်းကန် တဝက်လောက်ကို ထန်းလျက်မှုန့် ကော်ဖီ ၁ ဇွန်းနဲ့ သောက်ပေးနိုင်ပါတယ်။
အမျိုးသားတွေ သုက်လွှတ်မြန်တာအတွက် ညောင်ပင်မှအစေး ကော်ဖီဇွန်းဝက်လောက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ စပ်ပြီး နွားနို့ ၁ ခွက်နဲ့ သောက်ပေးနိုင်ပါတယ်။
မီးနေသည်မိခင်တွေ ညောင်မြစ်မှုန့် ကော်ဖီ ၁ ဇွန်းလောက်ကို နို့နဲ့ သောက်ပေးခြင်းဖြင့် မီးဖွားခြင်း နောက်ဆက်တွဲပြဿနာတွေကို လျော့ပါးစေပြီး မိခင်ကျန်းမာရေးကို မြှင့်တင်နိုင်ပါ တယ်။
အရေပြားမှဲ့တွေကို ဖယ်ရှားဖို့၊ အသားအရေကျန်းမာရေး ထိန်းသိမ်းဖို့၊ နာကျင်တဲ့ နေရာတွေ၊ သွားကိုက်၊ အဆစ်အမြစ်ရောင်ရမ်း၊ ခြေဖဝါးအက်ကွဲတာတွေကို ပင်စည်အခေါက်မှ အစေးကို လိမ်းပေးနိုင်ပါတယ်။
ညောင်သီးမှည့် အနည်းငယ်စားသောက်ပေးတာဟာ ဦးနှောက်အတွင်း ဆီရိုတိုနင်ဓာတ်ကို မြှင့်တင်ပေးပြီး အိပ်မပျော်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။
သတိပြုဖို့အနေနဲ့ ညောင်ပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ ညောင်သီး အစိမ်းကို အလွန်အကဲ စားသောက်တာဟာ လေထိုးလေအောင့် အစာမကြေတာနဲ့ ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ တို့တိုက်မိခင်တွေ အလွန်အကဲ သုံးစွဲတာကို ရှောင်ပါ။ ညောင်ပင်ထွက်ပစ္စည်းတွေကို သင့်တင့်မျှတစွာ စားသောက်ခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
နွေဦးပြည်သူတို့အတွက် ညောင်ပင်ရဲ့ ဆေးဘက်ဆိုင်ရာကျန်းမာရေး အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်တဲ့အခါ ညောင်ပင်ထွက်ပစ္စည်းတွေနဲ့ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ဖို့ ရေးသား ဖော်ပြလိုက်ပါတယ်။
ခရီးဆုံးပန်းတိုင်မှာ အတူဆုံတွေ့ကြပါစို့။