ရန်ကုန်၊ မြို့နယ်တချို့မှာ ဆိုင်ကယ်ဘေးတွဲတွေ နိုင်ငံတော်အလံ မတပ်ရင် ဖမ်းဆီး ဒဏ်ရိုက်ခံရမယ်လို့ သတင်းထွက်နေတာကြောင့် ဝယ်ယူတပ်ဆင်နေကြရတယ်လို့ ကာယကံရှင် ဆိုင်ကယ်ဘေးတွဲသမားတွေဆီက သိရပါတယ်။
ဆိုင်ကယ်ဘေးတွဲတွေ နိုင်ငံတော်အလံတပ်ဖို့ကို ဇန်နဝါရီ ၁ ရက်ကတည်းက သတင်းထွက်နေတာ ဖြစ်ပြီး ဘယ်က ညွှန်ကြားတယ်ဆိုတာ တိတိကျကျမသိကြဘူးလို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ ဘေးတွဲကယ်ရီသမားတဦးက “ရပ်ကွက်ရုံးကလည်း ညွန်ကြားထားတာ မရှိဘူးလို့ ပြောတယ်။ တပ်နေတဲ့သူတွေ မေးကြည့်တော့လည်း ဟိုကပြောသလို၊ ဒီက ပြောသလိုလိုနဲ့ ရေရေရာရာ မသိရဘူး။ ဖမ်းပြီးဒဏ်ရိုက်မယ်ဆိုတာကို ကြောက်လို့ တပ်နေကြတာ” လို့ ပြောပါတယ်။
အဲဒီလို နိုင်ငံတော်အလံဝယ်ယူ တပ်ဆင်တာ များနေတာကြောင့် အလံအသေးစျေးကလည်း နှစ်ဆနီးပါး တက်သွားတယ်လို့လည်း ဆိုင်ကယ်ကယ်ရီသမားတွေက ပြောပါတယ်။
လက်ရှိမှာ အလံတပ်ထားတာမရှိရင် ဒဏ်ကြေး ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ဆောင်ရမယ်ဆိုပြီး သတင်းထွက်နေတယ်လို့လည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ဆိုင်ကယ်ဘေးတွဲမောင်းသူတဦးက ပြောပါတယ်။
“ဒီဘက်မှာလည်း အလံမပါရင် ဖမ်းမယ်ဆိုလို့ ကြောက်ပြီး တပ်နေကြတာပဲ။ ဆိုက်ကားတွေနဲ့ ဆိုင်ကယ်ကယ်ရီတွေ မပါဘူး။ ကျနော်ကတော့ မတပ်သေးဘူး။ တကယ် ဖမ်း၊ မဖမ်း မသိရသေးတော့ စောင့်ကြည့်နေတာ” လို့ ပြောပါတယ်။
လွတ်လပ်ရေးနေ့ မတိုင်ခင်ရက်နဲ့ လွတ်လပ်ရေးနေ့တို့မှာ ရန်ကုန်ရှိ ခရီးသည်တင်ဘတ်စ်ကားတွေ နိုင်ငံတော်အလံတပ် မောင်းရလေ့ရှိပြီး ဆိုင်ကယ်ဘေးတွဲတွေနဲ့ပတ်သက်လို့ သီးသန့် အမိန့်ညွှန်ကြားတာ ရှိမနေဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။