ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှာ ၂၀၂၃ ခုနှစ် ၁၁ လအတွင်း ယာဥ်တိုက်မှုကြောင့် လူ ၃၈၇ ယောက် သေဆုံးကာ ၈၃၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အတွင်း ရန်ကုန်မှာ ယာဥ်တိုက်မှု ၇၇၈ ကြိမ်ဖြစ်ပွားကာ ၈၃၇ ယောက် ဒဏ်ရာရခဲ့ပြီး ၃၈၇ ယောက် သေဆုံးခဲ့တယ်လို့ ယာဥ်ထိန်းရဲ အရာရှိ တဦးက ပြောပါတယ်။
"ယာဥ်မောင်းတွေအနေနဲ့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဂရုစိုက်စေချင်တယ်။ မဆင်မခြင် မောင်းတာတွေ၊ ကျော်တက်ပြီး အလုအယက်မောင်းတာတွေလည်း ဆင်ခြင်သင့်တယ် "
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ယာဥ်တိုက်မှု ကြောင့် လူသေဆုံးမှု အများဆုံးမှာ ရန်ကုန်ဖြစ်ပြီး ဒုတိယမှာ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုများတွင် ပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိသလို ထွက်ပြေးတိမ်းရှောင်နေသူ များလည်း ရှိတယ်လို့ အင်းစိန်မြို့ခံ တဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့လက အင်းစိန်စော်ဘွားကုန်းမှာ တက္ကစီသမားကို တိုက်သတ်သွားတဲ့ YBS ၄၃ ယာဥ်မောင်းဆို အခုထိဖမ်း မမိသေးဘူး။ ဒီလိုပဲ ကားနဲ့တိုက်သတ်ပြီး အမှုရင်မဆိုင်ဘဲ ထွက်ပြေးနေတဲ့ ယာဥ်မောင်းတွေအများကြီးပဲ"
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အတွင်း ရန်ကုန်တိုင်းအတွင်း ယာဥ်တိုက်မှု ၈၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၉ဝ ရှိခဲ့တယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။