ဒစ္စနေး ဖျော်ဖြေရေး ကုမ္ပဏီရဲ့ အစောပိုင်း ကာတွန်းဇာတ်ဆောင် မစ်ကီမောက်စ်ဟာ ၉၅ နှစ်အကြာမှာ အမေရိကန် ဥပဒေအရ မူပိုင်ခွင့် သက်တမ်းကုန်သွားပြီဖြစ်လို့ ဇန်နဝါရီ ၁ ရက်က စပြီး ဘယ်သူမှ မူပိုင်ခွင့်ယူလို့ မရတော့တဲ့ အများပြည်သူပိုင် ဖြစ်သွားပါပြီ။
အထင်ကရ ဇာတ်ကောင် မစ်ကီမောက်စ်ဟာ ၁၉၂၈ ခုနှစ်က ဖြန့်ချိတဲ့ ကာတွန်းဇာတ်လမ်းတို စတင်းမ်ဘုတ် ဝီလီရဲ့ ငွေကြယ်ပွင့်အဖြစ် စတင် အသက်ဝင်ခဲ့တာပါ။
ပန်းချီဆရာနဲ့ စွန့်ဦးတီထွင်သူ ဝေါ့လ်ထ်ဒစ္စနေးက ပုံဖော်ထားတဲ့ မစ်ကီမောက်စ်ဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ အမှတ်တံဆိပ်ရဲ့ တည်မြဲတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။
ကျန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ အတွင်း ဒစ္စနေးပန်းခြံတွေ အမြောက်အမြား ကမ္ဘာတဝန်း ပေါ်လာခဲ့တာပါ။
မစ်ကီမောက်စ်ကတော့ ကမ္ဘာကျော်ဇာတ်ဆောင် ဖြစ်လာပြီး အဝတ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ စားစရာတွေပေါ်မှာ သူ့ပုံတွေ ပေါ်လာခဲ့ပါတယ်။
ရာချီတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုဂိမ်းတွေ၊ တီဗီဇာတ်လမ်းတွေမှာ မစ်ကီမောက်စ်က ထူးချွန်ပြောင်မြောက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ ပါတယ်။
ဒါပေမဲ့ ဝေါ့ထ်ဒစ္စနေးကုမ္ပဏီက အပြင်းအထန် ကာကွယ်မယ်လို့ ကတိပြုထားတဲ့ မစ်ကီမောက်စ်ရဲ့ ခေတ်သစ်ဗားရှင်းကိုတော့ မူပိုင်ခွင့်က အပြည့်အဝပေးထားမှာ ဖြစ်ပါတယ်။
Source/Photo - REUTERS/Fred Prouser