ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ မြောက်ဥက္ကလာပနဲ့ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်အနီးတို့မှာ ဇန်နဝါရီ ၂ ရက် မနေ့ ည ၉ နာရီလောက်က စတင်ကာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးနဲ့ အောင်ဇေယျလမ်းထောင့်မှာ မနေ့ည ၉ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဗုံးပေါက်တာအသံပဲ ကြားရတာ။ ခဏနေတော့ ရပ်ကွက်လူကြီးတွေရော၊ ရဲတွေရော၊ စစ်သားတွေပါ ရောက်လာတာ။ ဒဏ်ရာရတဲ့သူတော့ ရှိမရှိတော့ မသိဘူး။ ဧည့်စာရင်းစစ်တာတော့ ရှိတယ်။”
မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်၊ ခေမာသီလမ်းနဲ့ မဏ္ဍိုင်လမ်းထောင့်ရှိ စည်ပင်အမှိုက်ကန်ဘေးမှာ မနေ့ ည ၁၀ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ အဆိုပါရပ်ကွက် နေသူတဦးက ပြောပါတယ်။
"ဗုံးပေါက်သံက သုံးကြိမ်ကြားရတာ။ ရပ်ကွက်စည်ပင်အမှိုက်ကန်နားမှာ အရင်ပေါက်တာ ပြီးမှ နှစ်ကြိမ်ထပ်ပေါက်တဲ့အသံကြားရတာ။ နောက်ထပ်ပေါက်တာက မင်္ဂလာဒုံဘက်က ပေါက်တာလို့ ပြောတယ်။”
အလားတူ ည ၁၀ နာရီ ၅ မိနစ်ကလည်း မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်အနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး လေဆိပ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
"ဗုံးပေါက်တာလား မပေါက်ကွဲသေးတဲ့ ဗုံးကိုတွေ့လို့ စစ်တပ်က ဖောက်တာလားတော့မသိဘူး၊ လေဆိပ်နားက ပြည်လမ်းပေါ်မှာ စစ်တပ်တွေရော ရဲတွေရော ကားတွေ နောက်ဖုံးတွေ ဖွင့်ပြီးစစ်တယ်။”
ဇန်နဝါရီ ၁ ရက် မနက် ၁၀ နာရီကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ဆုပန်ရပ်ကွက်၊ သံသုမာလမ်း သုဝဏ္ဏဘုမိကွင်းအတွင်းရှိ ယာဉ်ရပ်နားတဲ့ ကွင်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့ခဲ့လို့ စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း ရန်ကုန်တိုင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလ ၊ မင်္ဂလာဒုံ ၊မရမ်းကုန်းနဲ့ လှိုင်သာယာမြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။