ဂျပန်နိုင်ငံမှာ ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဘေးသင့်ဒေသတွေထဲက ဒေသခံတွေ နောက်ထပ် အကြီးစား ငလျင်တွေအတွက် သတိထားသင့်တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
လာမယ့် သီတင်းပတ်အတွင်း အရွယ်အစားတူ နောက်ထပ် ငလျင်လှုပ်ခတ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA)ရဲ့ အရာရှိတယောက်က ဇန်နဝါရီ ၂ ရက် တိုကျို သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
နှစ်သစ်ကူးနေ့က ဂျပန်အနောက်ပိုင်း နိုတိုကျွန်းဆွယ်ကို လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိပြီး ဂျပန်ရဲ့ ရှင်းဒိုစကေးအရ အမြင့်ဆုံး ငလျင်အဆင့်ဖြစ်တဲ့ ၇ အဆင့် ရှိပါတယ်။
ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီအထိ ဒေသတွင်း ငလျင်ပေါင်း ၁၄၉ ခုထိ လှုပ်ခတ်ခဲ့တာကို တိုင်းတာမိထားတယ်လို့ JMA အရာရှိတွေက ပြောပါတယ်။
ငလျင်ကြောင့် အင်္ဂါနေ့ထိ သေဆုံးသူ အနည်းဆုံး ၄၈ ဦး ရှိပြီး နောက်ထပ် လူရာချီဟာလည်း အေးခဲနေတဲ့ ရာသီဥတုအခြေအနေမှာ အပျက်အစီးတွေအောက် ပိတ်မိနေပါတယ်။
ဒီငလျင်ဟာ ဂျပန်မှာ ၂၀၁၆ တုန်းက လူ ၂၂၀ ကျော် သေဆုံးခဲ့တဲ့ အင်အား ရစ်ချ်တာ စကေး ၇ ဒသမ ၃ ရှိတဲ့ငလျင်အပြီး လူအသေအပျောက်အများဆုံး ငလျင် ဖြစ်လာပါတယ်။
Source/Photo - Reuters