Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်တွင်  ကျေးရွာ ၂၀ ခန့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်
DVB
·
January 3, 2024
Si 312024

ရှမ်း-ကယားနယ်စပ်၊ ဆီဆိုင်မြို့နယ် တောင်ဘက်နဲ့ အရှေ့တောင်ဘက်ကျေးရွာတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်တာ ၁ လကျော်ကြာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ 

မြို့တောင်ဘက်က နောင်ဗို၊ ကန်တော်လေး၊ ရေဖြူကျေးရွာ၊ လွိုင်လင်လေးနဲ့ ဆီဆိုင်-လွိုင်ကော် လမ်းမကြီးတလျှောက်က ကျေးရွာ ၂၀ နီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။ 

မဲဗောင် ရွာခံအမျိုးသမီး တစ်ဦးက “လိုင်းတွေမရဘူး၊ ဖုန်းတာဝါတိုင်အောက်က မီးစက်တွေကို စစ်သားတွေ ထုတ်ပြီးယူသွားတာ၊ ရွာထဲမှာလည်း စစ်သားတွေ ရှိတယ်၊ တာဝါတိုင်တွေမှာလည်း ကင်းချထားတယ်” လို့ ပြောပါတယ်။

Mytel ၊ MPT၊ Atom နဲ့ Ooredoo ကတ်တွေ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ လုံးဝ သုံးလို့မရတော့ဘူးလို့ သိရပါတယ်။

မြို့ရဲ့အရှေ့တောင်ဘက်က ကျေးရွာတွေမှာလည်း ဆက်သွယ်ရေး ကေဘယ်လ်ကြိုး ပြတ်နေတာ တွေကြောင့် ဖုန်းလိုင်းတွေ ဆက်သွယ်မရဘဲဖြစ်နေပါတယ်။

အစိုးရ စာသင်ကြားရေးလုပ်ငန်းစဉ်တွေ စီးပွားရေးလုပ်ငန်းတွေမှာလည်း အဆက်အသွယ် ပြတ်တောက်သွားပြီး အရေးတကြီးလိုအပ်ပါက ဆီဆိုင်မြို့ပေါ်တက်ပြီး ဖုန်းပြောဆိုရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

ဆီဆိုင်တောင်ဘက်ရှိ မူပြကျောင်းဆရာမ တဦးက “ကျမတို့ကို သင်ရိုးညွှန်းတမ်းအတွက် သင်တန်း ပြန်ခေါ်တာကို လိုင်းပေါ်ကနေ ညွန်ကြားတဲ့အတွက် မသွားလိုက်ရဘူး၊ ပျက်ကွက်ဖြစ်သွားတယ်၊ ပြီးကျတော့ နိုင်ငံခြားကနေ ငွေလွှဲလုပ်ငန်းလုပ်တဲ့သူတွေဆို အလုပ်ပါ နားထားရတယ်” လို့ပြောပါတယ်။

ရှမ်း-ကယား လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စက်သုံးဆီစျေးနှုန်းဟာလည်း နှစ်ဆ မြင့်တက်သွားတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်တောင်ဘက် မိုင် ၅၀ခန့်အကွာ ကရင်နီ(ကယား)မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက်ကစပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲတွေက ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024