လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တောင်ပိုင်း၊ ဒါဟီရာမြို့ ဆင်ခြေဖုံးမှာ အစ္စရေးဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂ ရက် ညပိုင်းမှာ ဟားမတ်စ်အကြီးတန်းအရာရှိ ဆာလေး အလ် အာရိုရီ သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အာရိုရီဟာ ဟားမတ်စ်ရဲ့ ပေါ်လစ်ဗျူရို နိုင်ငံရေးဌာနက အကြီးတန်းအရာရှိ တဦး ဖြစ်ပေမဲ့ သူဟာ စစ်တပ်ရေးရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်တယ်လို့ လူသိများပါတယ်။
အစ္စရေး ဒရုန်းဟာ မနေ့ညက ဒါဟီရာမြို့ရှိ ဟားမတ်စ်ရုံးကို ဝင်တိုက်ခဲ့ရာ စုစုပေါင်း လူ ၆ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ဟားမတ်စ် အကြီးတန်းအရာရှိ ဆာလေးအလ်အာရိုရီ သေဆုံးမှုအတွက် လက်တုံ့ပြန်မှုကို မျှော်လင့်ထား မထား ဇန်နဝါရီ ၂ ရက် ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ်ဟာဂါရီက တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်။
ရိုက်တာရဲ့ မေးမြန်းချက်တွေကိုဖြေကြားရာမှာတော့ အစ္စရေးစစ်တပ်က ပြည်ပမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို တုံ့ပြန်မှာ မဟုတ်ကြောင်းလည်း ဖြေကြားပါတယ်။ လိုအပ်ရင် လိုအပ်သလို အသက်တွေကိုကယ်တင်နိုင်မယ့် ညွှန်ကြားချက်တွေကိုတော့ အပ်ဒိတ်လုပ် ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
Source/Photo - Reuters