Home
မြန်မာသတင်း
၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၁၂၀ ကျော်ကို STUM ဖြေရှင်းပေး
DVB
·
January 2, 2024
Pathein-Factory-Close-Workers_29122023

၂၀၂၃ ခုနှစ်အတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အကူအညီ တောင်းခံခဲ့တဲ့ အမှု ၁၅၀ ကျော်ထဲက အမှု ၁၂၆ ခုကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ၂၀၂၃ ခုနှစ်အတွင်း အမှုပေါင်း ၁၂၆ မှုမှ ယောက်ျားလေးအလုပ်သမား ၇,၈၃၇ ဦး၊ မိန်းကလေးအလုပ်သမား ၁၇,၁၁၁ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၅,၉၄၀ ဦး၊ စုစုပေါင်း ၄၀,၈၈၈ ဦးတို့ကို ကူညီပေးခဲ့ပါတယ်။

စစ်ကောင်စီက STUM အဖွဲ့ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ တရားမဝင် အလုပ်သမား အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့အတွက် အလုပ်သမားတွေကို ကူညီပေးတဲ့နေရာမှာ အခက်အခဲများစွာရှိတယ်လို့ STUM တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျမတို့အဖွဲ့ကို တရားမဝင်အဖွဲ့ဆိုပြီး ကြေညာထားတဲ့အတွက် အရင်လို အစိုးရရုံးတွေမှာ ပေါ်ပေါ်ထင်ထင် ဝင်ထွက်ပြီး ကူညီပေးလို့ မရတော့ဘူး။ အဲဒီအတွက် စက်ရုံတွေက အလုပ်သမားခေါင်းဆောင်တွေကို အလုပ်သမားဥပဒေက ဘယ်လိုရှိလဲဆိုတာ သင်ပြပြီး ရင်ဆိုင်ခိုင်းရတယ်။ အခုလက်ရှိအခြေအနေက ကျမတို့ လုပ်နိုင်စွမ်းအားက ၁၀၀ ရာခိုင်နှုန်း ရှိပေမဲ့ တကယ်လုပ်ပေးနိုင်တာ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။”

STUM က ထဲထဲဝင်ဝင် မဖြေရှင်းနိုင်တဲ့အတွက် စက်ရုံတွေက ခေါင်းဆောင်တွေကို သွားရောက်ဖြေရှင်းခိုင်းတဲ့အခါ မှားယွင်းဖမ်းဆီးခံရတာတွေ၊ စွပ်စွဲခံရတာတွေ၊ တားမြစ်ခံရတာတွေ၊ မောင်းထုတ်ခံရတာတွေ၊ အဖက်မတန်သလို ဖမ်းဆီးခံရတာတွေနဲ့ ခုံသမာဓိ ခုံကောင်စီမှာ ဝင်ရောက်ပြောဆိုခွင့် မပေးတာတွေ စတာတွေလည်း ကြုံရတယ်လို့ သူက ဆက်ပြောပါတယ်။

STUM ထံ တိုင်ကြားခံရဆုံး အများဆုံးအမှုတွေမှာ အလုပ်ထုတ်ခံရတာ၊ လုပ်ခလစာ‌ မပေးတာ၊ အချိန်ပို ဆင်းခိုင်းတာ၊ အလုပ်သမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖောက်ဖျက်တာ၊ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရတာနဲ့ အကျိုးခံစားခွင့်များ တောင်းယူတာတွေ ဖြစ်ပါတယ်။

STUM ထံ အများဆုံးတိုင်ကြားတဲ့ စက်ရုံ ‌၃၀ ကျော်ထဲမှာ အများဆုံးက အထည်ချုပ်စက်ရုံတွေဖြစ်ပြီး အဲ့ဒီထဲက ဝါးတရာစက်မှုဇုန်မှာရှိတဲ့ Yangon Fukuyama Appeal နဲ့ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ ဟွာမြောင် စက်ရုံတို့ဟာ အခွင့်အရေး ချိုးဖောက်ခံရဆုံး စက်ရုံတွေ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အကူအညီတောင်းထားတဲ့ထဲမှာ ၁၀ မှုကတော့ ဆက်လက်ဖြေရှင်းဆဲဖြစ်ပြီး စက်ရုံမှာ ခံစားနေရတဲ့ အလုပ်သမား ချိုးဖောက်မှုတွေသာပြောပြီး အကူအညီမတောင်း၊ နာမည်မပြောတဲ့ စက်ရုံတွေနဲ့ STUM ကို ရောက်မလာတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံတွေလည်း ရှိသေးတယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဟာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းက အလုပ်သမားသမဂ္ဂတွေနဲ့ ၂၀၁၆ တည်းက ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024