ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားဟာ ပင်လယ်နီဆိပ်ကမ်း ဘာဘာရာကို သုံးခွင့်အဖြစ် ဆိုမာလီယာနိုင်ငံကနေ ခွဲထွက်ထားတဲ့ ဆိုမာလီလန်နိုင်ငံနဲ့ ကနဦး သဘောတူညီချက်တရပ်ကို ဇန်နဝါရီ ၁ ရက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝန်ကြီးချုပ် အာဘီယာ အာမက်ရဲ့ရုံးက ပြောပါတယ်။
ဝန်ကြီးချုပ်အာမက်နဲ့ ဆိုမာလီလန်သမ္မတ မြုစ် ဘီဟီအဘ်ဒီတို့ဟာ အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒ်ဒစ်အဘာဘာမြို့မှာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့တာပါ။
“ဆိုမာလီလန်နိုင်ငံက ညီအစ်ကိုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အစပြုတဲ့အချက်” လို့ အာမက်က စာချွန်လွှာထဲမှာ ဖော်ပြခဲ့ပါတယ်။
သမ္မတ ဘီဟီအက်ဘ်ဒီကလည်း သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ အီသီယိုးပီးယားဟာ ဆိုမာလီလန်ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
နားလည်မှုစာချွန်လွှာအရ အီသီယိုးပီးယားနိုင်ငံက ပင်လယ်နီထဲမှာ ငှားရမ်းထားတဲ့ စစ်အခြေစိုက်စခန်းတခုဆီ ဝင်ခွင့်ပေးပြီး ဒေသတွင်း စီးပွားဖြစ်ရေကြောင်းစစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ လမ်းခင်းပေးထားတယ်လို့ ဝန်ကြီးချုပ်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရဒ်ဝမ် ဟူစိန်က ပြောပါတယ်။
အပြန်အလှန်အနေနဲ့ ဆိုမာလီလန်နိုင်ငံကလည်း အစိုးရပိုင် အီသီယိုးပီးယား လေကြောင်းလိုင်းမှာ အစုရှယ်ယာတခုကို ရလိမ့်မယ်လို့ ဟူစိန်က ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ သူက မပြောပါဘူး။
ဆိုမာလီလန်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုမာလီယာနိုင်ငံဆီက ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကြေညာခဲ့ပေမဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှု ကျယ်ကျယ်ပြန့်ပြန့် မရခဲ့ပါဘူး။
ဆိုမာလီယာနိုင်ငံကတော့ ဆိုမာလီလန်ဟာ သူ့ရဲ့ပိုင်နက် အစိတ်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။
အရှေ့အာဖရိကနိုင်ငံ ဂျီဘူတီက ဦးဆောင်တဲ့ ဖျန်ဖြေရေးကြိုးပမ်းမှုတွေ အပြီးမှာ ဆိုမာလီယာနဲ့ ဆိုမာလီလန်တို့ဟာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ဆွေးနွေးပွဲတွေပြန်စဖို့ သဘောတူခဲ့တယ်လို့ ဆိုမာလီယာနိုင်ငံပိုင် SONNA သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters