စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာက အမျိုးသားတဦးကို PDF လို့စွပ်စွဲပြီး စစ်ကောင်စီတပ် စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းမှာ ပုလဲမြို့ပေါ်ကနေ မြို့နဲ့အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် ချောင်းကန်ရွာခံတွေ ထွက်ပြေးတိမ်းရှောင်ကြချိန်မှာ အဲ့ဒီအမျိုးသားကို PDF လို့ စွပ်စွဲဖမ်းဆီးပြီးနောက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အသတ်ခံလိုက်ရတဲ့ အမျိုးသားဟာ ချောင်းကန်ကျေးရွာမှာ နေထိုင်တဲ့ ၃၅ နှစ်အရွယ် ကိုသိုက်ထွန်းဖြစ်ပြီး သာမန်အရပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “PDF လို့စွပ်စွဲပြီး ဖမ်းပြီးသတ်ပစ်လိုက်တဲ့ အခြေအနေပေါ့။ သူတို့ရွာက မြို့နဲ့အရမ်းနီးတဲ့ ရွာတွေဆိုတော့ စစ်ကြောင်းလာရင် မပြေးနိုင်ဘူး။ PDF တွေ မိပါတယ်ဆိုတဲ့ စွပ်စွဲချက် လုပ်ချင်လို့လားတော့ မသိပါဘူး။ သူက PDF နဲ့လည်း မပတ်သက်ပါဘူး။ အကြောင်းမဲ့ သတ်သွားတာပါ” လို့ ပြောပါတယ်။
စစ်ကြောင်းပြန်ထွက်သွားပြီး ပြည်သူတွေ ရွာထဲဝင်တဲ့အချိန်မှာ လက်နောက်ပြန်ကြိုးတုပ်ပြီး နှိက်စက် သတ်ဖြတ်ခံထားရတာကို ရွာခံတွေက တွေ့ခဲ့တာလို့ မြို့နယ်တာဝန်ရှိသူတွေဆီက သိရပါတယ်။
“အဲ့ဒီစစ်ကြောင်းက ပုလဲမြို့ အသိမ်းခံရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးနောက် ပုလဲမြို့မှာ ရောက်နေတာ ၃ လလောက်ရှိပြီး အနီးရွာတွေကို လှုပ်ရှားစစ်ကြောင်းအနေနဲ့ ပတ်သွားနေတဲ့ စစ်ကြောင်းပါ” လို့ သူက ဆက်ပြောပါတယ်။
ပုလဲမြို့ပေါ်ကနေ မြို့နဲ့နီးတဲ့ ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးနေတဲ့အတွက် မြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက စစ်ကြောင်းလာတဲ့အချိန် တိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။